ဓာတ်လိုက်ခံရသည့် ခွေး ၂ ကောင်ကို ကယ်ရန်ကြိုးစားရင်း သခင်ဖြစ်သူပါ ဓာတ်လိုက်သေဆုံး

ဓာတ်ပုံ - Samerkun Suphan Buri Rescue Foundation Facebook page
ထိုင်းနိုင်ငံမှာ ဓာတ်တိုင်တခုအနီး သေးပန်းခဲ့ကြတဲ့ ခွေး ၂ ကောင်ဟာ ရုတ်တရက် ဓာတ်လိုက်ချိန်မှာ သခင်ဖြစ်သူ အဖိုးအိုက ကယ်တင်ဖို့ ကြိုးစားရင်း သူပါ ဓာတ်လိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်း ၆း၁၀ နာရီလောက်က ထိုင်းနိုင်ငံ မောင်ခရိုင်တွင်းမှ ဘုန်းကြီးကျောင်းတခုရှေ့မှာ ဖြစ်ခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ သတင်းပေးချက်အရ ရဲတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေဟာ အခင်းဖြစ်တဲ့နေရာဆီ ရောက်ရှိခဲ့ချိန်မှာတော့ အသက် ၆၃ နှစ်အရွယ် ဘွန်လာ့တ် ခမ်းသဝေ အမည်ရတဲ့ အမျိုးသားကို မြေပြင်ပေါ်မှာ လောင်ကျွမ်းဒဏ်ရာတွေနဲ့ သတိလစ်နေခဲ့တာကို တွေ့ခဲ့ရပြီး အနီးက ခွေး ၂ ကောင်ကတော့ သံကြိုးလည်ပတ်တွေနဲ့အတူ ဓာတ်တိုင်ဘေး သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။ ဒီနောက် အဲဒီအမျိုးသားကို ဆေးရုံပို့ဆောင်ခဲ့ကြပြီး သိပ်မကြာခင်မှာပဲ သေဆုံးသွားခဲ့တယ်လို့ အတည်ပြုနိုင်ခဲ့တာပါ။ ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ အဖိုးအိုနဲ့ ခွေး ၂ ကောင်ဟာ ညနေတိုင်း လမ်းလျှောက်လေ့ရှိပြီး အနီးနားရှိလူတွေက သူတို့ကို ကောင်းကောင်းသိကြတယ်လို့ ဆိုပါတယ်။ အဲဒီနေ့ကတော့ ခွေး ၂ ကောင်ဟာ ဓာတ်တိုင်အနီးမှာ သေးပန်းခဲ့ကြချိန် လည်ပတ်သံကြိုးတွေကတဆင့် မတော်တဆ ဓာတ်လိုက်ခဲ့လို့ အဖိုးအိုက ကြိုးတွေကို ချွတ်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် မအောင်မြင်ခဲ့ဘဲ အဲဒီကြိုးတွေကတဆင့် သူ့ဆီကိုပါ လျှပ်စစ်ဓာတ်ကူးခဲ့ချိန်မှာတော့ ဘယ်လိုမှ မတတ်နိုင်တော့ဘဲ သတိလစ် မေ့မျောသွားခဲ့တာ ဖြစ်ပါတယ်။ ခွေး ၂ ကောင်ကတော့ နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up