Live
Home
မြန်မာသတင်း
မွန်ပြည်နယ် မြို့ဝင်ကြေး ၃ လတွင်း သိန်း ၃၇၀၀ ကျော် ရရှိ
DVB
·
October 4, 2017
မွန်ပြည်နယ်မှာ စည်ပင်မှ တိုက်ရိုက်ကောက်ခံသည့် မြို့ဝင်ကြေး သုံးလတွင်း သိန်း ၃၇၀၀ ကျော်ရရှိပြီး ဘတ်ဂျက်နှစ်အကုန် သိန်း တသောင်းခန့် ရရှိမယ်လို့ မွန်ပြည်နယ်သာယာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောပါတယ်။ မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းမှာ မြို့ဝင်ကြေးတွေ ကောက်ခံဖို့ အရင်က ရွှေသံလွင်နဲ့ အေကေ ကုမ္ပဏီနှစ်ခုကို လေလံစနစ်နဲ့ ငှားပေးခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘတ်ဂျက်နှစ်ကုန်အထိ ငွေကျပ် ၅၉၉ သန်း ရရှိမယ်လို့ လျာထားခဲ့ပြီး ၂၀၁၇ ဇွန်လမှ စတင်ပြီး မြို့ဝင်ကြေးတွေကို ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနအနေနဲ့ ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်မပေးတော့ဘဲ တိုက်ရိုက်ကောက်ခံတဲ့အခါမှာ သုံးလအတွင်း ငွေကျပ်သိန်းပေါင်း ၃၇၄၉.၀၃ ကျပ် ရရှိခဲ့တာပါ။ စည်ပင်က တိုက်ရိုက်ကောက်ခံခဲ့လို့ လာမယ့် ဘတ်ဂျက်နှစ်ကုန်အထိဆိုရင် မြို့ဝင်ကြေး ကောက်ခံရငွေ စုစုပေါင်း ကျပ် သန်း ၁၀၀၀ နီးပါးအထိ ရရှိမယ်လို့ မွန်ပြည်နယ်သာယာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ဒီဗွီဘီကို ပြောပါတယ်။ “ကုမ္ပဏီ နှစ်ခုဖြစ်တဲ့ ရွှေသံလွင်ကုမ္ပဏီနဲ့ အေကေကုမ္ပဏီကို လေလံစနစ်နဲ့ ချထားပေးခဲ့တုန်းက အခု ၁၇-၁၈ ဘဏ္ဍာရေးနှစ်ဆိုရင် ငွေကျပ် ၅၉၉ သန်း လောက်ရမယ်လို့ လျာထားတယ်။ ဒါပေမယ့် ကျနော်တို့ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ ကုမ္ပဏီတွေကို BOT မပေးတော့ဘဲနဲ့ မိမိဝန်ထမ်းတွေနဲ့ပဲ လုပ်ပါဆိုတော့ လမိုင်းမြို့အပါအဝင် ၁၁ မြို့နယ်မှာ ဘီးခွန်ကောက်တဲ့ လုပ်ငန်းတွေကို ဝန်ထမ်းတွေနဲ့ ဆောင်ရွက်နေပါတယ်။ အခု ကိုယ် ကိုယ်တိုင် ဆောင်ရွက်ပြီဆိုတော့ သန်း ၉၀၀ နဲ့ သန်း ၁၀၀၀ ကြားလောက်မှာ ရမယ်လို့ လျာထားပါတယ်။” မြို့ဝင်ကြေး ကောက်ခံမှုတွေ မြို့နယ်အလိုက် တူညီမှုမရှိဘူးလို့ ဝေဖန်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ် ၁၀ မြို့နယ်လုံးမှာ ယာဉ်ငယ်ကို ၂၀၀ ကျပ်၊ အလတ်စားယာဉ်ကို ၃၀၀ ကျပ်နဲ့ ယာဉ်ကြီးကို ၅၀၀ ကျပ်စီ တပြေးညီ ကောက်ခံနေတာဖြစ်တယ်လို့ ဦးမြင့်အောင်က ပြောပါတယ်။ မြို့ဝင်ကြေးကောက်ခံရငွေကို လက်ရှိမှာ ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုနေပြီး လမ်းပိုင်းတချို့ကိုလည်း လာမယ့် ပွင့်လင်းရာသီမှာ နိုင်လွန်ကတ္တရာခင်းဖို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်းမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ “ရရှိတဲ့ အခွန်အခအားလုံးဟာ ကျနော်တို့ အဖွဲ့ရန်ပုံငွေထဲကို ဝင်ပြီးတော့ သက်ဆိုင်ရာ အစိုးရရဲ့ ပြည်နယ်ရန်ပုံငွေ ဖြစ်သွားပါတယ်။ ကျနော်တိုမြို့ပေါ်မှာ ဆောင်ရွက်နေတဲ့ လမ်းတွေ၊ တံတားတွေ၊ ရေပေးရေးတွေ အခြားသန့်ရှင်းရေးကိစ္စတွေ၊ ယာဉ်စက်ယန္တရားတွေ ဝယ်တာတွေ ဒီရန်ပုံငွေထဲကပဲ ဆောင်ရွက်နေတာပါ။ သမိန်ဗရမ်းလမ်းရယ်၊ သာသနာ့ဗိမာန်လမ်းရယ်၊ အာမခံတြိဂံကနေ ပတ္တမြားကုန်ဆင်း တောင်ဝိုင်းလမ်းတွေကို နိုင်လွန်ကတ္တရာလမ်းခင်းဖို့အတွက် တွက်ချက်ပြီးတော့ ပွင့်လင်းရာသီ ဖြစ်တာနဲ့ ဆောင်ရွက်မှာပါ။ ရေး-မော်လမြိုင် လမ်းပိုင်းတလျှောက်မှာ လမ်းကြေးတွေ မြို့ဝင်ကြေးတွေ ပေးနေရပေမယ့် လမ်းခရီးတချို့မှာ ခရီးသွားပြည်သူတွေအတွက် အဆင်မပြေမှုတွေ ရှိနေတယ်လို့ ရေး-မော်လမြိုင် ပြေးဆွဲနေတဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။ “စုစုပေါင်းဆိုရင် အသွားကို ၁၉၀၀၊ အပြန်ကို ၁၄၅၀ အရင်က BOT က တွဲကောက်တယ်။ အခု မကောက်တော့ဘူး။ စည်ပင်က သက်သက်၊ BOT က သက်သက်ဆိုတော့ နှစ်ခါ ပေးရသလို ဖြစ်နေတယ်။ သံဖြူဇရပ်လွန်သွားပြီဆိုရင် ပိန္နဲတောလမ်းရယ်၊ ကုန်းမြင့်သာယာရယ် လမ်းတွေ ဆိုးတယ်။” ၂၀၁၇ ခုနှစ် ဇွန်လ ဒုတိယအပတ်ကနေ သြဂုတ်လကုန်အထိ စာရင်းများအရ သထုံမြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၈၉၃ ဒသမ ၀၉ နဲ့ အများဆုံး ကောက်ခံရရှိပြီး ဘီးလင်းမြို့နယ်မှာ သိန်း ၆၄၉ ဒသမ ၉၇ ကျပ်၊ မုဒုံမြို့နယ်မှာ သိန်း ၆၂၄ ဒသမ ၅၇ ကျပ်၊ ကျိုက်ထိုမြို့နယ်မှာ သိန်း ၅၃၅ ဒသမ ၆၆ ကျပ်၊ မော်လမြိုင်မြို့နယ်မှာ သိန်း ၅၀၆ ဒသမ ၃၁ ကျပ်၊ ပေါင်မြို့နယ်မှာ သိန်း ၁၈၂ ဒသမ ၃၃ ကျပ်၊ သံဖြူဇရပ်မြို့နယ်မှာ သိန်း ၁၅၆ ဒသမ ၁၅ ကျပ်၊ ရေးမြို့နယ်မှာ သိန်း ၁၂၈ ဒသမ ၇၃ ကျပ်၊ ချောင်းဆုံမြို့နယ်မှာ သိန်း ၄၉ ဒသမ ၆၆ ကျပ် အထိ ရရှိခဲ့ပြီး ကျိုက်မရောမြို့နယ်မှာ သိန်း၂၂ ဒသမ ၅၆ ကျပ်နဲ့ အနည်းဆုံး ရရှိခဲ့ပါတယ်။ သတင်း - အာကာမင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024