မြန်မာနှင့်ကစားမည့်ပွဲ ရသကောင်းပေးနိုင်မည့် ခြေစမ်းပွဲဖြစ်မည်ဟု ထိုင်းနည်းပြပြော

မြန်မာနဲ့ ထိုင်းလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်မယ့် ချစ်ကြည်ရေးခြေစမ်းပွဲဟာ အရေးပါပြီး မြန်မာ့လက်ရွေးစင်အသင်းအတွက် အာရှဖလားခြေစစ်ပွဲအတွက် အထောက်အကူဖြစ်တယ်လို့ မြန်မာနည်းပြ ဂတ်ဆီဇီက ပြောပါတယ်။ မြန်မာနဲ့ ထိုင်းလက်ရွေးစင်အသင်းတို့ဟာ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းမှာ အောက်တိုဘာ ၅ ရက်နေ့ ညနေ ၆ နာရီခွဲမှာ ချစ်ကြည်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ ဒီကနေ့ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မြန်မာနည်းပြက ပြောလိုက်တာပါ။ မြန်မာနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က “မနက်ဖြန် ခြေစမ်းပွဲကစပြီး အဓိက ကစားသမားနေရာအတွက် ဘယ်သူတွေကို ဦးစားပေး သုံးစွဲရမယ်ဆိုတာကို စမ်းသပ်ရမှာပါ။ ထိုင်းအသင်းက ဒေသတွင်းမှာ အကောင်းဆုံးအသင်း ဖြစ်တဲ့အတွက် ဒီခြေစမ်းပွဲက ကျေန်ာတို့အတွက် အများကြီး အကျိုးရှိစေပါတယ်။ ကာဂျစ္စတန်နဲ့ အာရှဖလား ခြေစစ်ပွဲအတွက် ပြင်ဆင်မှုကောင်းတခုပါ။ ထိုင်းအသင်းကို တိုက်စစ်ဖွင့်ကစားမှာလားဆိုတော့ ကျနော်တို့က ဘောလုံးကစားနေတာ ဖြစ်တဲ့အတွက် အခွင့်အရေးရှိရင် ရှိသလို ရလဒ်ကောင်းအတွက် အသုံးချကစားရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ထိုင်းအသင်းဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံးအသင်းဖြစ်ပြီး ဒီခြေစမ်းပွဲမှာ အားနည်းချက်၊ အားသာချက်တွေကို သိလာရပြီးတော့ ကာဂျစ္စတန်နဲ့ပွဲ အတွက်လည်း အထောက် အကူပြုတယ်လို့ အသင်းခေါင်းဆောင် ရန်အောင်ကျော်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ထိုင်းအသင်းကလည်း ကင်ညာအသင်းနဲ့ ကစားမယ့်ပွဲအတွက် အထောက်အကူဖြစ်တဲ့ အပြင် နည်းပြကောင်း၊ ကစားသမားကောင်းတွေရှိတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရတာဖြစ်လို့ အတွေ့အကြုံကောင်းတွေရတယ်လို့ ထိုင်းနည်းပြက ဆိုပါတယ်။ ထိုင်းလက်ရွေးစင်အသင်း နည်းပြချုပ် မီလန်နိုက “မြန်မာအသင်းမှာ အရည်အသွေးရှိတဲ့ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ ရလဒ်အတွက် အဓိကမဟုတ်ဘဲ ကျေန်ာတို့အသင်းမှာရှိတဲ့ ကစားသမားတွေ စွမ်းဆောင်ရည် ပိုမြင့်မားလာဖို့ ပွဲအတွေ့အကြုံ ရစေဖို့ အဓိကထား ကစားသွားမှာပါ။ မြန်မာပြည်ဟာ ဘောလုံးကိုချစ်တဲ့ ပရိသတ်တွေ အများကြီးရှိတဲ့ နိုင်ငံပါ။ ပရိသတ်တွေ အများကြီးရှေ့မှာ ရသကောင်းပေးနိုင်မယ့်၊ အကြိတ်အနယ်ရှိတဲ့ ခြေစမ်းပွဲတပွဲဖြစ်မှာ သေချာပါတယ်” လို့ ပြောပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းမှာ ကာလရှည်ကြာ အနားယူနေရတဲ့ ကွင်းလယ်ကစားသမား ကြည်လင်း ပြန်ပါလာသလို မျိုးကိုထွန်းကိုလည်း အားဖြည့်ထားပါတယ်။ ထိုင်းအသင်းမှာလည်း သီဟာဆေးဒန်ဒါ၊ ချာနာသစ် အစရှိတဲ့ ကစားသမားကောင်းတွေ ပါဝင်လာမယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - ထက်လူ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up