ဆင်ဖြူရေကန် ရေလွှဲမြောင်းအတွင်း ရေဆင်းချိုးသည့် ၆ တန်းကျောင်းသား ရေနစ်သေဆုံး
DVB
·
October 4, 2017
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် တဲစုရွာ အောက်တိုဘာလ ၃ ရက် မနက် ၁၀ နာရီက ဆင်ဖြူရေကန် ရေလွှဲမြောင်းထဲမှာ ရေဆင်းချိုးတဲ့ တဲစုအထက်တန်းကျောင်းခွဲက ၆ တန်းကျောင်းသား ၁ ဦး ရေနစ်သေဆုံးတယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ တဲစုရွာနေ အသက် ၁၂ နှစ်ရှိ ၆ တန်းကျောင်သား မောင်သိန်းကျော်ဌေး(ခ) ဖိုးသောကြာက အဘိုး အဘွားတွေကို ရေချိုးသွားမယ် ပြောပြီး ထွက်သွားတာ အတော်ကြာတဲ့တိုင် ပြန်မလာလို့ ဆင်ဖြူကန် ရေလွှဲမြောင်းထဲ ဆင်းရှာရာ ရေနစ်သေဆုံးနေတာကို တွေ့ရတယ်လို့ ပင်းတလဲရဲစခန်းက ပြောပါတယ်။
စခန်းမှူးရဲအုပ်မင်းမင်းထွေးက “ပြင်ပဒဏ်ရာ မတွေ့ရပါဘူး။ အဲဒီရေမြောင်းမှာ မိုးရွာတာ များတော့ ကန်မှာ ရေတွေများနေလို့ ရေထပ်တိုးပြီး လွှတ်ထားတယ်။ အရင်လိုပဲထင်ပြီး ရေဆင်းချိုးတော့ ရေအနက်ပိုင်းရောက်ပြီး နစ်သွားတာ ဖြစ်မယ်”လို့ ပြောပါတယ်။
ရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က “မြောင်းထဲ ရေဆင်းချိုးရင်း ရေနစ်သေတာပါ။ ကလေးရဲ့ မိဘတွေက ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေတော့ အဘိုး အဘွားတွေနဲ့ နေရတယ်။ ပထမနှစ်ဝက် စာမေးပွဲ သွားမဖြေခင် ရေချိုးတာဖြစ်မယ်”လို့ ပြောပါတယ်။
ပင်းတလဲရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၇ နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)