တောင်တွင်းကြီးမြို့မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်
DVB
·
October 4, 2017
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့လယ် လမ်းဆုံအနီးရှိ ဗိုလ်ချုပ်ပန်းခြံနဲ့ အာဇာနည်ရင်ပြင်မှာ အောက်တိုဘာ ၃ ရက်နေ့ ညနေ ၆ နာရီလောက်က ပြုလုပ်ခဲ့ပါတယ်။
ဆုတောင်းပွဲကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းထွန်းနဲ့ ဦးဝင်းမြင့်လှိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ ပါတီဝင်တွေ၊ ဒေသခံ ဗုဒ္ဓဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေ အစ္စလာမ်ဘာသာဝင်တွေ၊ ငြိမ်းချမ်းရေး လိုလားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ တက်ရောက်လာကြသူတွေက ဖယောင်းတိုင်မီးတွေ ကိုယ်စီထွန်းညှိကာ မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာအလိုက် ဆုတောင်းမေတ္တာ ပို့သခြင်းတို့ အသီးသီး ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီလို ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို အပတ်စဉ် အင်္ဂါနေ့ ညနေ ၆ နာရီ အချိန်တိုင်း အခုကျင်းပတဲ့ အာဇာနည်ရင်ပြင်မှာ ကျင်းပသွားမှာ ဖြစ်ပြီး မည်သူမဆို ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ပါတယ်လို့ ဖိတ်ကြားနှိုးဆော်ထားပါတယ်။
သတင်း - သားကြီး(တောင်တွင်းကြီး)