Home
မြန်မာသတင်း
မြောင်းမြမြို့၌ ဒေါ်လာ ၄ သန်းတန် စပါးခွံသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပထမဆုံးခွင့်ပြုမည်
သော်ဇင်မျိုး
·
October 4, 2017
မြောင်းမြမြို့မှာ ဒေါ်လာ ၄ သန်းဝန်းကျင်ရှိ စပါးခွံသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတခုကို ဧရာဝတီတိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီက ပထမဆုံး ခွင့်ပြုပေးဖို့ ရှိနေပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ စတင်ဖွဲ့စည်းပြီး ၃ လအကြာမှာ ပထမဆုံးအနေနဲ့ မြောင်းမြမှာ ရင်းနှီးမြှုပ်နှံမယ့် ဒေါ်လာ ၄ သန်းဝန်းကျင်ရှိတဲ့ စပါးခွံသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို အတည်ပြုမိန့်ပေးဖို့ နှစ်ကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးမှာ ကော်မတီက မူအားဖြင့် သဘောတူထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးဖြစ်တဲ့ DICA ညွှန်ကြားရေးမှူး ဦးစိုးအောင်က ပြောပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှုကို မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း (MAPCO) က ၂၀ ရာခိုင်နှုန်းနဲ့ ဂျပန်နိုင်ငံ Fujita Corporation က ၈၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး Myaung Mya FM Biomass Power Co.,Ltd အနေနဲ့ ဒေါ်လာ ၃ ဒသမ ၈၆၅ သန်း ရင်းနှီးမြှုပ်နှံပြီး ၁ ဒသမ ၃ မဂ္ဂါဝပ်ဝန်းကျင်ရှိမယ့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဆန်စက်တွေက စွန့်ထုတ်တဲ့ စွန့်ပစ်ဖို့ခက်ခဲတဲ့ စပါးခွံတွေကို လောင်စာအနေနဲ့ အသုံးပြုကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး ဆန်စက်တွေကို လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးမှာပါ။ ဒီရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံမှာ ပထမဆုံးနဲ့ အကြီးဆုံးဖြစ်လာမယ့် agro-industry park လို့ခေါ်တဲ့ လယ်ယာကဏ္ဍကို အခြေခံတဲ့ စက်မှုဇုန်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ Agro - industry Park အနေနဲ့က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ် ဆောင်ရွက်မှာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀ ကနေ သန်း ၃၀ အထိ ရင်းနှီးမြှုပ်နှံသွားမယ်လို့ MAPCO ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးရဲမင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ မြောင်းမြဂုန်နီစက်ရုံဝန်းအတွင်း မြေဧက ၃၀၀ ကျော်ကို စိုက်ပျိုးရေးဝန်ကြီးဌာနထံကနေ နှစ်ရှည်ငှားရမ်းထားပြီး စီမံကိန်းကို ဆောင်ရွက်မှာပါ။ မေလအတွင်းကတော့ ၂ ဒသမ ၂ မဂ္ဂါဝပ်ရှိတဲ့ စပါးခွံသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တခုကိုလည်း ကျိုက်လတ်မြို့မှာ MAPCO က ဖွင့်လှစ်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေနဲ့ကတော့ ပထမဆုံးအနေနဲ့ ရင်းနှီးမြှုပ်နှံမှု အတည်ပြုမိန့်ပေးဖို့ သဘောတူထားတာဖြစ်ပြီး ကျန်တဲ့ ၃ ခုကိုတော့ စိစစ်ဆဲဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024