မယားပြိုင်ထားသည့် အင်ဒိုအမျိုးသားများအတွက် ကြင်ဘက်ရှာ မိုဘိုင်းအပလီကေးရှင်းထွက်ပေါ်

မယားပြိုင်ထားတဲ့ အင်ဒိုနီးရှား အမျိုးသားတွေ ကြင်ယာရှာဖွေနိုင်ရေး ဦးတည်ပစ်မှတ်ထားတဲ့ ပိုလီဂမီခေါ် မိုဘိုင်းလ်အပလီကေးရှင်းတခု ထွက်ပေါ်လာခဲ့ပါတယ်။ ဒီ ကြင်ယာဘက်ရှာ မိုဘိုင်းအပလီကေးရှင်းက အရင်ထွက်ဖူးပြီးသား လူကြိုက်များတဲ့ အပလီကေးရှင်းတခုဖြစ်တဲ့ တင်ဒါနဲ့ ဆင်တူပြီး အင်တာနက် ဝက်ဘ်ဆိုက်တွေပေါ်မှတဆင့် ကြင်ဘက်ရှာရာမှာ အဆင်မပြေသူတွေအတွက် စိုးရိမ်စရာမရှိတော့ဘူးလို့ ဆိုပါတယ်။ ဒီအပလီကေးရှင်းကို သုံးစွဲသူတွေရဲ့ ၆၀ ရာခိုင်နှုန်းက အမျိုးသားတွေဖြစ်ကြပြီး သူတို့အနေနဲ့ လိုလားတဲ့သူကို အချက်ပြဖို့၊ တွေ့ဆုံဖို့အတွက် ကိုယ်ရေးရာဇဝင်တွေကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ အစ္စလာမ်ဘာသာဝင်ဦးရေ အများဆုံးနေထိုင်ရာ အင်ဒိုနီးရှား နိုင်ငံမှာတော့ ဒီအပလီကေးရှင်းက အငြင်းပွားစရာတခု ဖြစ်နေခဲ့တာပါ။ မယားပြိုင်ထားတဲ့ အိမ်ထောင်ရေးကို စိတ်ဝင်စားတဲ့ အမျိုးသားတွေအတွက် ဇနီးသစ်ကို ရှာနိုင်တဲ့အပြင် ဘဝတူ၊ ရည်မှန်းချက်တူ အမျိုးသားတွေနဲ့ စကားစမြည်ပြောနိုင်ဖို့လည်း ခွင့်ပြုထားပါတယ်။ မယားပြိုင်ထားတဲ့ အလေ့အထဟာ လူ့အဖွဲ့အစည်းအတွင်းမှာ အလိုမကျစရာ အခြေအနေအဖြစ် ရှိနေပေမယ့် ဒါကို အင်ဒိုနီးရှားနိုင်ငံမှာ တရားဝင် ခွင့်ပြုထားတာပါ။ အမျိုးသားတယောက်ဟာ တကြိမ်မှာ အမျိုးသမီး လေးယောက်ထိ တရားဝင် လက်ထပ်ခွင့် ပြုထားတာဖြစ်ပြီး အဲဒီလို လက်ထပ်နိုင်ဖို့ ပထမဆုံးဇနီးဖြစ်တဲ့ အမျိုးသမီးရဲ့ ခွင့်ပြုချက်ရဖို့ လိုအပ်ကာ ဘာသာရေးခုံရုံးက စုံစမ်းစစ်ဆေးတာကိုလည်း အောင်မြင်ဖို့ လိုအပ်ပါတယ်။ ပထမဆုံး ဇနီးဖြစ်သူက ဇနီးမယားတာဝန် ကျေပွန်အောင် မစွမ်းဆောင်နိုင်တာ သေချာလားဆိုတာကို တရားရုံးက အတည်ပြုမှသာ လက်ထပ်နိုင်တာမျိုးပါ။ ဒါပေမယ့် ဒီစည်းမျဉ်းနဲ့ ဒီအလေ့အထဟာ ဘာသာရေးနဲ့ လူမှုရေးအရ ပြောဖို့မလိုအပ်တဲ့ အရာတခုဖြစ်တယ်လို့ တရားရေးဆိုင်ရာ ပညာရှင်တွေက ပြောပါတယ်။ ဒီအပလီကေးရှင်းကိုသုံးတဲ့ အမျိုးသမီး ၃ ဦးကို ရိုက်တာသတင်းဌာနက မေးရာမှာတော့ သူတို့ဟာ ဒီလို အိမ်ထောင်ရေးအတွက် သူတို့ရဲ့အမြင်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ထားတယ်လို့ ဖြေခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up