Home
မြန်မာသတင်း
ARSA အဖွဲ့အား မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံး၏ ဘုံရန်သူအဖြစ် သတ်မှတ်
DVB
·
October 3, 2017
ARSA အကြမ်းဖက်အဖွဲ့ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးရဲ့ ဘုံရန်သူအဖြစ် ခံယူကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ အကြမ်းဖက်မှုတွေအပေါ် လုံးဝလက်မခံတဲ့ မူဝါဒကို ကျင့်သုံးနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ မနေ့က တွေ့ဆုံစဉ်  ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗဒူဟက်ဆန် မာမွတ်အလီက ပြောကြားခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ  မြန်မာနိုင်ငံနဲ့  ချစ်ကြည်ရင်းနှီးမှုကို အလေးထားထိန်းသိမ်းရန် ဆန္ဒရှိကြောင်းလည်း ပြောကြားခဲ့တယ်လို့ မြန်မာ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်ပို့ဆောင်ဖို့ အသင့်ရှိကြောင်း၊ နှစ်နိုင်ငံနယ်စပ် လုံခြုံရေး ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်တွေနဲ့ နှစ်ဖက် သဘောတူထားတဲ့ သတ်မှတ်ချက်တွေအတိုင်း  ပြန်လည် ဝင်ရောက်လိုတဲ့ ဒုက္ခသည်တွေ စိစစ်ရေး ဆက်လက်ဆောင်ရွက်မယ့် ကိစ္စရပ်တွေကို နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကတော့ ၁၉၉၂ ဧပြီ ၂၈ ရက်မှာ နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးတွေ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်ပါ သတ်မှတ်ချက်တွေအတိုင်း ၁၉၉၂  စက်တင်ဘာမှ ၂၀၀၅ ဇူလိုင်အထိ အိမ်ထောင်စု (၄၆,၉၉၃) စုမှ လူဦးရေ (၂၃၆,၄၉၅) ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ၂၀၀၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်က ရန်ကုန်မှာ ကျင်းပခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးမှ ရရှိခဲ့တဲ့ သဘောတူညီချက်တွေအတိုင်း ကွဲကွာနေတဲ့ မိသားစုတွေနဲ့ ကျန်ရှိနေတဲ့ မိသားစုဝင်တွေကို ပြန်လည်ပို့ဆောင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရမှ အသိအမှတ်ပြုတဲ့ တရားဝင် စာရွက်စာတမ်းတွေ တင်ပြဖို့ လိုအပ်ကြောင်းလည်း  ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးတို့ကို  မြန်မာနိုင်ငံ၊ နေပြည်တော်သို့ လာရောက်ရန် ဖိတ်ကြားခဲ့ပြီး  ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ဖိတ်ကြားမှုကို လက်ခံခဲ့တယ်လို့လည်း ဆိုပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့သို့ အောက်တိုဘာ ၁ ရက်မှ ၃ ရက်အထိ  သွားရောက်ခဲ့တာဖြစ်ပြီး  ပြည်ထောင်စုဝန်ကြီးနဲ့အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျလည်း လိုက်ပါသွားခဲ့ပါတယ်။ ဓာတ်ပုံ-MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024