၃ နှစ်ကြာပိတ်ထားသည့် ဘန်ဂါဇီ စီးပွားရေးဆိပ်ကမ်းကို တရားဝင်ပြန်ဖွင့်

ဓာတ်ပုံ - အေအက်ဖ်ပီ
လစ်ဗျားနိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ၃ နှစ်ကြာ ပိတ်ထားရတဲ့ ဘန်ဂါဇီ စီးပွားရေးဆိပ်ကမ်းကို အောက်တိုဘာ ၁ ရက်နေ့က တရားဝင် ပြန်ဖွင့်လိုက်ပါတယ်။ လစ်ဗျားအရှေ့ပိုင်းမှာ အခြေစိုက်တဲ့ အစိုးရအဖွဲ့ ဝန်ကြီးချုပ် အဗ္ဗဒူလာ အယ်လ်သင်းနီက ဖွင့်ပွဲမှာ အဖွင့်မိန့်ခွန်း ပြောပါတယ်။ "ဒီဆိပ်ကမ်းကနေ ရေနံတွေ ပြည်ပတင်ပို့တာ မလုပ်ပါဘူး။ ဒါပေမယ့် ဒေသခံတွေသုံးဖို့ အထွေထွေကုန်စည်တွေ၊ ဓာတ်ငွေ့နဲ့ တခြား ရေနံထုတ်ကုန်တွေကို တင်သွင်းပါတယ်။ ဆိပ်ကမ်းပြန်ဖွင့်ရင် ဒေသခံတွေရဲ့ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်မှာပါ။ ဆိပ်ကမ်းဖွင့်ဖွင့်ချင်း တုဘရုခ်ဆိပ်ကမ်းကနေလာတဲ့ ပထမဆုံးသင်္ဘော ဝင်လာတာ တွေ့ရတယ်။ ဒါဟာ ဘန်ဂါဇီအတွက်ရော လစ်ဗျားအတွက်ပါ အစကောင်း ဖြစ်လိမ့်မယ်" လို့ ဘန်ဂါဇီဆိပ်ကမ်း ပြောခွင့်ရက ဆိုပါတယ်။ လစ်ဗျား ဆိပ်ကမ်းများအာဏာပိုင်အဖွဲ့ အကြီးအကဲကလည်း "ဒီမြို့ဟာ ငြိမ်းချမ်းရေးကို လိုလားတဲ့ နိုင်ငံအားလုံးက သင်္ဘောတွေ ကုန်သွယ်ရေးနဲ့ ကုန်သည်တွေကို ကြိုဆိုဖို့ တံခါးဖွင့်လိုက်ပြီဆိုတဲ့ သတင်းကို တကမ္ဘာလုံးဆီ ကြေညာပါတယ်။ ဘန်ဂါဇီဟာ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ခဲ့ပြီးပြီ။ ဘန်ဂါဇီဟာ ဘေးကင်းပြီလို့ ဒီနေ့ တကမ္ဘာလုံးကို ပြောပါတယ်" လို့ ပြောပါတယ်။ လစ်ဗျားနိုင်ငံတွင်း အာဏာရှင် မွမ်မာ ကဒါဖီ ရာထူးကျအပြီး နိုင်ငံအရှေ့ပိုင်း အခြေစိုက် စစ်ဦးစီးချုပ် ခါလီဖာ ဟက်ဖ်တာကို သစ္စာခံတဲ့ စစ်တပ်နဲ့ တခြား အတိုက်အခံတွေကြား လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဘန်ဂါဇီလေဆိပ်နဲ့ ဆိပ်ကမ်းကို ပိတ်ခဲ့ရပါတယ်။ ဟက်ဖ်တာက ဇူလိုင်အစောပိုင်းမှာ အောင်ပွဲရပြီလို့ ကြေညာပြီး ဘန်ဂါဇီလေဆိပ်ကို ဇူလိုင်လလယ်မှာ ပြန်ဖွင့်ခဲ့ပါတယ်။ ဒါပေမယ့် တပ်ဖွဲ့ငယ်တွေအချင်းချင်း ထိတွေ့ပစ်ခတ်မှု တချို့တော့ ဆက်ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up