ပရိသတ်မပါဘဲ ကစားရမှု အဆိုးရွားဆုံး အတွေ့အကြုံဖြစ်ဟု ပီကေး ပြော

ဓာတ်ပုံ - ဘာစီလိုနာတွစ်တာ
ပရိသတ်မပါဘဲ ကစားရတာဟာ မိမိဘဝရဲ့ အဆိုးရွားဆုံး အတွေ့အကြုံဖြစ်တယ်လို့ ဘာစီလိုနာ နောက်ခံလူ ဂျရတ်ပီကေးက ပြောလိုက်ပါတယ်။ စပိန်အစိုးရဟာ ကတ်တလန်ဒေသ ခွဲထွက်ရေး ဆန္ဒခံယူပွဲကြောင့် အောက်တိုဘာ ၁ ရက်နေ့က ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ လက်ပါမက်တို့ပွဲကို လုံခြံရေး အကြောင်းပြချက်နဲ့ ပရိသတ်မပါဘဲ ကစားခဲ့တာပါ။ ဘာစီလိုနာအသင်း အခြေစိုက်တဲ့ ကတ်တလန်ဒေသကို စပိန်နိုင်ငံကနေ ခွဲထွက်ရေး ဆန္ဒခံယူပွဲကို အောက်တိုဘာ ၁ ရက်က ပြုလုပ်ခဲ့ပြီး စပိန်အစိုးရက တရားမဝင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဆန္ဒမဲပေးသူတွေကို အင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။ ဒီလိုနှိမ်နင်းတဲ့အပေါ်မှာ ဘာစီလိုနာ ကစားသမား အများစုက ဝေဖန်ခဲ့ကြပြီး စပိန်လက်ရွေးစင်အသင်းမှာ ဆက်ကစားဖို့ စဉ်းစားရတော့မယ်လို့လည်း နောက်ခံလူ ပီကေးက ပြောကြားခဲ့ပါတယ်။ စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ တည်ရှိတဲ့ ဘာစီလိုနာအသင်း အခြေစိုက်ရာ ကန်တလန်ဒေသကို စပိန်နိုင်ငံကနေ ခွဲထွက်မယ်ဆိုရင် ဘာစီလိုနာအသင်းဟာလည်း လာလီဂါပြိုင်ပွဲကနေ နုတ်ထွက်ရဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up