ရိုဟင်ဂျာဟိန္ဒူဟု မီဒီယာတွင်ဖော်ပြသုံးစွဲမှု ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ကန့်ကွက်
DVB
·
October 2, 2017
ပြည်ပအခြေစိုက် နိုင်ငံတကာ မီဒီယာတချို့က ဟိန္ဒူဘာသာဝင်တွေကို ရိုဟင်ဂျာဟိန္ဒူလို့ ရေးသားဖော်ပြသုံးစွဲနေတာတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
အယ်ဂျာဇီယားသတင်းဌာနက ရခိုင်ပြည်နယ်ရှိ ဟိန္ဒူဘာသာဝင်တွေကို ရိုဟင်ဂျာဟိန္ဒူ လို့ သုံးနှုန်းရေးသားဖော်ပြတာဟာ လက်ရှိရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ရိုဟင်ဂျာ ပြဿနာထဲကို ဟိန္ဒူတွေကို ဆွဲထည့်တဲ့ မီဒီယာတိုက်စစ်တစ်ခု ဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်သူကပြောပါတယ်။
ဟိန္ဒူဘာသာဝင်တွေမှာ ဟိန္ဒူဗဟိုကောင်စီစည်းမျဉ်းအရ လူမျိုး (၁၀)မျိုးသာရှိတဲ့အတွက် ရိုဟင်ဂျာဟိန္ဒူလို့ သုံးနှုန်းဖော်ပြတာကို ကန့်ကွက်ရှုတ်ချတယ်လို့လည်း ရခိုင်ပြည်နယ်ဟိန္ဒူ ကူညီထောက်ပံ့ရေး အဖွဲ့တာဝန်ခံ ရာဂူနေမြင့်ကပြောပါတယ်။
ဒီလိုသုံးနှုန်းဖော်ပြနေတဲ့ မီဒီယာတွေကို ကြေညာချက်တွေပို့သွားမှာဖြစ်သလို ပြည်သူတွေကြားမှာ ရိုဟင်ဂျာဟိန္ဒူ ဆိုတာကို မယဉ်ပါးစေဖို့ ကန့်ကွက်ရှုတ်ချတာတွေ လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့သြဂုတ်လက ARSA အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ ဒေသခံဟိန္ဒူရွာသားတွေ ရာနဲ့ချီသေဆုံးပျောက်ဆုံးခဲ့ရတာဖြစ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်မြေမြှုပ်ခံထားရတဲ့ ဟိန္ဒူအလောင်း ၄၅ လောင်းကိုရှာဖွေတွေ့ရှိထားပါတယ်။
သေဆုံးသွားခဲ့ရတဲ့ ဒေသခံတိုင်းရင်းသားတွေ၊ပြည်သူ့ဝန်ထမ်းတွေနဲ့ ဟိန္ဒူဘာသာဝင်တွေ အတွက်ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အနေနဲ့ ဟိန္ဒူဓလေ့နဲ့အညီဆုတောင်းပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်က ဦးဆောင်ကာ အောက်တိုဘာ (၁)ရက် က ရန်ကုန်မြို့ သျှရီမဟာဒေဝ်ဘူနာသ်ဘုရားကျောင်းကျင်းပခဲ့ပါတယ်။
ဓာတ်ပုံ-CINCDS