မက္ကဆီကိုငလျင်ကြောင့် ပြိုကျ အဆောက်အဦအောက်မှ အလောင်း ၈ လောင်း ထပ်တွေ့

ဓာတ်ပုံ - ရိုက်တာ
သီတင်းနှစ်ပတ်နီးပါး ရှိသွားပြီဖြစ်တဲ့ မက္ကဆီကိုစီးတီး ငလျင်ကြောင့် ပြိုကျပျက်စီးနေတဲ့ ရုံးအဆောက်အဦအောက်ကနေ အောက်တိုဘာ ၁ ရက်နေ့က အလောင်း ၈ လောင်း ပြန်လည်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၁ ရှိ ငလျင်ကြောင့် လူပေါင်း ၃၂၆ ဦး သေဆုံးခဲ့ပြီး မြို့တော် မက္ကဆီကိုစီးတီးမှာ သေဆုံးသူ ၁၈၇ ဦး ရှိပါတယ်။ ငလျင်ကြောင့်  အဆောက်အဦ ၁၁၀၀၀ ထိခိုက်ပျက်စီးခဲ့ပြီး အဲဒီထဲက ၁၅၀၀ ခန့်ကို လုံးဝ ဖြိုဖျက်ပစ်ရမှာ ဖြစ်ပါတယ်။ မြို့တော် မက္ကဆီကိုစီးတီးရှိ ရုံးအဆောက်အဦတခုမှာ ကယ်ဆယ်ရေးလုပ်ငန်း အကြီးအကျယ် ဆောင်ရွက်နေပြီး အပြိုအပျက်တွေအောက်မှာ လူအယောက် ၄၀ ခန့်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ၁၉၈၅ ခုနှစ် ငလျင်မှာ လူတသောင်းလောက် သေဆုံးခဲ့ပြီးနောက် အစိုးရက တင်းကျပ်တဲ့ အဆောက်အဦ စံချိန်စံညွှန်းတွေ ထုတ်ပြန်ခဲ့ပါတယ်။ အခု မက္ကဆီကိုစီးတီး ပျက်စီးအဆောက်အဦ ၁၀ ရာခိုင်နှုန်းလောက်ကို အဲဒီစံချိန်စံညွှန်းတွေ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းမှာ တည်ဆောက်ခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up