ကင်ဂျုံနမ်သတ်မှုဖြင့် စွပ်စွဲခံရသည့် အမျိုးသမီး ၂ ဦးကို ရုံးထုတ်စစ်ဆေး

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အစ်ကိုဝမ်းကွဲ ကင်ဂျုံနမ်ကို သတ်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသမီး ၂ ဦးဟာ တရားရင်ဆိုင်ဖို့အတွက် ဒီကနေ့ မလေးရှားတရားရုံးကို ရောက်ရှိလာပါတယ်။ အသက် ၂၅ နှစ်အရွယ် အင်ဒိုနီးရှား အမျိုးသမီး ဆီတီအီရှာနဲ့ အသက် ၂၈ နှစ်အရွယ် ဗီယက်နမ်အမျိုးသမီး ဒုံသီဟောင်တို့ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကွာလာလမ်ပူလေဆိပ်မှာ ကင်ဂျုံနမ်ရဲ့ မျက်နှာကို VX အဆိပ် သုတ်လိမ်းပြီး သတ်ခဲ့တယ်လို့ စွပ်စွဲခံရတာဖြစ်ပါတယ်။ အဲဒီအဆိပ်ကို ကုလသမဂ္ဂက လူအစုလိုက် သတ်ဖြတ်တဲ့ လက်နက်အဖြစ် သတ်မှတ်ထားတာပါ။ စွပ်စွဲခံရသူ အမျိုးသမီး ၂ ဦးကတော့ သူတို့ဟာ လူကိုသေစေနိုင်တဲ့ တိုက်ခိုက်မှုမှာ ပါဝင်နေတယ်ဆိုတာကို မသိခဲ့ဘူးလို့ ရှေ့နေတွေကို ပြောပြခဲ့ပါတယ်။ တကယ်လို့ ပြစ်မှုထင်ရှားရင် သူတို့ ၂ ဦးဟာ သေဒဏ်ကျခံရမှာပါ။ အခုတရားစီရင်မှုကို ကွာလာလမ်ပူ ဆင်ခြေဖုံးရှိ ရှားအလမ်တရားရုံးချုပ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ပြုလုပ်နိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

More News
Up