ကိုလံဘီယာတွင် အကြီးဆုံးသူပုန်အုပ်စုနှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး စတင်

ဓာတ်ပုံ - ရိုက်တာ
ကိုလံဘီယာနိုင်ငံအတွင်း လက်ရှိလှုပ်ရှားဆဲ အကြီးဆုံး သူပုန်အုပ်စုဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေးစစ်တပ် (အီးအယ်လ်အန်) နဲ့ အစိုးရတို့ ပထမဆုံးအကြိမ် အပြန်အလှန် အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာ ၁ ရက်နေ့မှာ စတင်လိုက်ပါတယ်။ အပစ်အခတ်ရပ်စဲရေး ကာလက ဇန်နဝါရီ လလယ်ထိ ဖြစ်ပါတယ်။ ကျူးဘား တော်လှန်ရေးနဲ့ လွတ်မြောက်ရေး သီအိုရီကို လေးစားအတုယူတဲ့ ကက်သလစ် သင်းအုပ်ဆရာတွေက ဒီသူပုန်အဖွဲ့ကို ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ တည်ထောင်ခဲ့တာပါ။ ဒီအုပ်စုမှာ အဖွဲ့ဝင်အင်အား အယောက် ၂၀၀၀ လောက်ရှိပြီး ၂၀၀၂ နဲ့ ၂၀၀၇ ခုနှစ်ကြားက ကျူးဘားနဲ့ ဗင်နီဇွဲလားနိုင်ငံတွေမှာ ငြိမ်းချမ်းရေး ဆွေးနွေးဖူးပေမယ့် တိုးတက်မှု နည်းနည်းသာရပြီး ပြန်လည်ပြိုပျက်ခဲ့တာပါ။ ကိုလံဘီယာအစိုးရနဲ့ အီးအယ်လ်အန် သူပုန်တွေဟာ အီကွေဒေါနိုင်ငံမှာ လတ်တလောအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးနေပါတယ်။ အစိုးရတပ်တွေ၊ လက်ဝဲယိမ်းသူပုန်တွေ၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ လက်ယာယိမ်း ပြည်သူ့စစ်တွေ ပါဝင်နေတဲ့ ပဋိပက္ခတွေအတွင်း သူတို့ရဲ့ အစိတ်အပိုင်းကို အဆုံးသတ်ဖို့ မျှော်လင့်ထားပါတယ်။ ဖေဖော်ဝါရီလမှာ ဆွေးနွေးမှုတွေ စတင်ခဲ့ပေမယ့် အီးအယ်လ်အန်တွေက ပြန်ရွေးငွေအတွက် ပြန်ပေးဆွဲတာတွေ ဆက်လုပ်နေပြီး လတ်တလော သီတင်းပတ်တွေမှာ ရေနံကုမ္ပဏီတွေကို ဗုံးနဲ့တိုက်ခိုက်တာတွေ တိုးလုပ်နေပါတယ်။ ဒါပေမယ့် အပစ်အခတ် ရပ်စဲထားချိန်မှာတော့ ပြန်ပေးဆွဲတာတွေ၊ တိုက်ခိုက်မှုတွေ၊ လူငယ်တွေကို စစ်သားသစ်အဖြစ် စုဆောင်းတာတွေနဲ့ မြေမြှုပ်မိုင်း သုံးတာတွေကို ရပ်ဆိုင်းထားမှာပါ။ လူသတ်၊ ပြန်ပေးဆွဲ၊ မူးယစ်ကုန်ကူးတာတွေအပြင် ရေနံနဲ့ သတ္တုဆိုင်ရာ နိုင်ငံပေါင်းစုံ ပါဝင်တဲ့ လုပ်ငန်းကြီးတွေရဲ့ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အဦတွေကို တိုက်ခိုက်မှုအတွက် အီးအယ်လ်အန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က သတ်မှတ်ထားပါတယ်။ ကိုလံဘီယာနိုင်ငံအတွင်း နှစ် ၅၀ ကြာ ပဋိပက္ခတွေကြောင့် လူ ၂ သိန်း ၂ သောင်းကျော် သေဆုံးပြီး သန်းနဲ့ချီတဲ့လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up