ရတနာဆိုင် ဓားပြတိုက်သူများကို SWAT အဖွဲ့ ဖမ်းဆီး (ရုပ်သံ)

ကျောက်မျက်ရတနာဆိုင်ကို လူ ၃ ဦး ဓားပြတိုက်နေတုန်း SWAT အဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း စိန့်ပီတာစဘာ့ဂ်မြို့ရှိ ကျောက်မျက်ရတနာဆိုင်မှ ပစ္စည်းတွေကို ဓားပြ ၃ ဦးက စတင်ခိုးယူနေတာကို စောင့်ကြည့်ကင်မရာမှ ဖမ်းယူရိုက်ကူးမိခဲ့တာပါ။ ဓားပြတွေက ဇိုလိုတွိုင်းကျောက်မျက်ဆိုင်ထဲ ဝင်လာပြီး ကြမ်းပြင်ပေါ်မှာ လုံခြုံရေးဝန်ထမ်းကို လဲကျသွားအောင် တိုက်ခိုက်ထားပါတယ်။ လုံခြုံရေးဝန်ထမ်းက အတော်အတန် တည်တည်ငြိမ်ငြိမ်ရှိနေပြီး SWAT အဖွဲ့ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတာ သိပုံရတယ်လို့ ဆိုပါတယ်။ ဓားပြ ၃ ဦး ကျောက်မျက်ရတနာတွေကို အိတ်ထဲထည့်စဉ် လက်နက်ကိုင် တပ်သား ၆ ဦး ရုတ်တရက်ဝင်လာပြီး ရာဇဝတ်သားတွေကို ဖမ်းဆီးလိုက်တာပါ။ ဒီကျောက်မျက်ရတနာဆိုင် ဓားပြတိုက်ခိုက်ခံရတာက တလတည်းမှာပဲ အခုအကြိမ်က ၂ ကြိမ်မြောက်ဖြစ်ပြီး ယခင်ဓားပြတိုက်မှုရဲ့ နောက်ကွယ်က ဓားပြဂိုဏ်း တဂိုဏ်းတည်းဖြစ်မယ်လို့ ယူဆနေကြပါတယ်။ ဆိုင်ထဲက ဓားပြ ၃ ဦးအပြင် ဂိတ်ဝမှ ကားသမားကိုလည်း အပြင်မှာ ဖမ်းဆီးလိုက်ပြီး သူတို့အားလုံး ထောင်ဒဏ် ၁၀ နှစ် ကျခံဖို့ အမှုရင်ဆိုင်နေရတယ်လို့ မေရာသတင်းမှာ စက်တင်ဘာလ ၂၉ ရက်နေ့က ဖော်ပြထားပါတယ်။

More News
Up