သံလွင်ဥယျာဉ် ကစားကွင်း ပုဂ္ဂလိကကုမ္ပဏီများကို လုပ်ပိုင်ခွင့်ပေးမည်မဟုတ်
DVB
·
October 1, 2017
သံလွင်ဥယျာဉ်မှာ ဆောက်မယ့် ကစားကွင်းအတွက် ပုဂ္ဂလိကကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ပေးတော့မှာမဟုတ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်က ပြောပါတယ်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရဲ့ သံလွင်ဥယျာဉ်ပန်းခြံမှာ ကျန်ရှိနေသေးတဲ့ မြေလွတ်နေရာတွေကို ခေတ်မီ ကလေးကစားကွင်း ဆောက်လုပ်ဖို့ အရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးလက်ထက်က မင်းနတ်သားကုမ္ပဏီနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ့် အခုအခါမှာတော့ ပုဂ္ဂလိက ကုမ္ပဏီတွေကို လွှဲပြောင်းပေးတော့မှာ မဟုတ်တော့ဘူးလို့ လက်ရှိမွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။
အရင်က ပုဂ္ဂလိကကုမ္ပဏီတွေကို ကစားကွင်းဆောက်လုပ်မယ်ဆိုရင် ဖောင်ဒေးရှင်းအခိုင်အမာမချဘဲ ယာယီအနေနဲ့ပဲ ၃ နှစ်လုပ်ပိုင်ခွင့်ပေးပြီး ပြည်နယ်အစိုးရက အကောင်အထည်ဖော်ဖို့ ဆွေးနွေးနေတာတွေရှိပေမယ့် ပြည်နယ်အစိုးရ အပြောင်းအလဲတွေဖြစ်ခဲ့လို့ ရပ်နားခဲ့ရတာပါ။
အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်က “အဲ့ဒီကစားကွင်းကိစ္စကို ပုဂ္ဂလိက လုံးဝငှားမှာမဟုတ်ပါဘူး။ အစ်ကိုကိုယ်တိုင်လည်း လက်မခံဘူး။ ၀န်ကြီးချုပ်ကို တင်ပြတော့ ၀န်ကြီးချုပ်လည်းသဘောတူတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
ပြည်သူလူထု အပန်းဖြေမယ့်နေရာမှာ ပုဂ္ဂလိကကို လွှဲပေးတာထက် စာရင် ပြည်နယ်အစိုးရ ကိုယ်တိုင် အကောင်အထည်ဖော်တာက ပြည်သူအတွက် အခွန်အခတွေ ပိုသက်သာစေတယ်လို့ ဆိုပါတယ်။
“အရင်ဝန်ကြီးချုပ်တုန်းက စီးပွားရေးလုပ်ငန်းရှင်တွေက တစ်နှစ်ဘယ်လောက်ဆိုပြီး လာငှားတယ်။ ပုဂ္ဂလိကဆိုရင် သူပြောတဲ့ ဈေးအတိုင်း ကျနော်တို့ပြည်သူလူထုက ပေးနေရတယ်။ အစိုးရအနေနဲ့ဆိုရင်တော့ တစ်ရာဆိုလည်းတစ်ရာ ပြည်သူလူထုက သက်သက်သာသာနဲ့ ပြည်သူတွေ အပန်းဖြေနိုင်အောင်လို့ ကျနော်တို့ စီစဉ်ဖို့ရှိပါတယ်။”
သံလွင်ဥယျာဉ်ပန်းခြံဟာ မြေဧက (၆၀) ကျော်ကျယ်ပေမယ့် မွန်ပြည်နယ်လွှတ်တော်နဲ့ Ocean Super Center တွေ ဆောက်လုပ်လိုက်တဲ့အတွက် မြေလွတ်နေရာ ဧက (၃၀)ကျော်ပဲ ကျန်တော့တာပါ။
ခေတ်မီကလေး ကစားကွင်းဆောက်လုပ်ကိုတော့ ဆောက်လုပ်မှာဖြစ်ပြီး ဘတ်ဂျက်အခြေအနေအရ ခဏရပ်ထားတာလို့ မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ဒီဗွီဘီကို ပြောခဲ့ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - အာကာမင်း