ငါးမန်းအုပ်ကို လက်သီးဖြင့်ထိုးကြိတ်ခဲ့သည့် ဧည့်လမ်းညွှန်ဒိုက်ဗင်သမား အလုပ်ထုတ်ခံရ (ရုပ်သံ)

by dvburma ဧည့်လမ်းညွှန်ရေငုပ်သမားက ငါးမန်းအုပ်အား လက်သီးနဲ့ အကြိမ်ကြိမ်ထိုးတဲ့ ရုပ်သံထွက်ပေါ်လာပြီးနောက် အလုပ်ရှင်တွေက အလုပ်ထုတ်လိုက်တယ်လို့ သည်ဆန်းသတင်းမှာ ဖော်ပြထားပါတယ်။ ငါးမန်းအစာကျွေးတာ ပြသဖို့ ဧည့်လမ်းညွှန်က ခရီးသွားတွေကို ခေါ်သွားချိန် ငါးစာထောင်ချောက်ဘူးထဲက အစာတွေကို ငါးမန်းတွေက ခိုးစားဖို့ ကြိုးစားနေလို့ လမ်းညွှန်က ဒေါသထွက်ပြီး ငါးမန်းအုပ်အာ လက်သီးနဲ့ ထိုးခဲ့တာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ လမ်းညွှန်က နာ့စ်ရှာ့က်အမျိုးအစား ငါးမန်းတကောင်ကို ထိုးလိုက်ပြီး အခြားငါးမန်းတွေကို ဆက်တိုက်ထိုးချိန် လုပ်ဖော်ကိုင်ဖက် ရေငုပ်သမား နစ်ကိုးလက်စ်ဂျုန်းစ်က ရုပ်သံရိုက်ကူးခဲ့တာလို့ ဒိုက်ဗာမဂ္ဂဇင်းထဲမှာ ဖော်ပြထားပါတယ်။ “လမ်းညွှန်က ငါးစာထောင်ချောက်ဘူးကို သော့မခတ်ခဲ့ဘူး။ ပြီးတော့ ငါးမန်းအစာကျွေးဖို့ ရေငုပ်တဲ့အခါ ငါးမန်းတွေက သူတို့ရဲ့မွေးရာပါ စွမ်းရည်အရနဲ့ အစာရှိတာကို သဘာဝအရ တုံ့ပြန်တာအတွက် ငါးမန်းတွေကို အပြစ်ပေးသလို ဖြစ်နေတယ်” လို့ လက်တွဲဖော်ရေငုပ်သမား ဂျုန်းစ်က ပြောပါတယ်။ “အခြေခံကျကျပြောရရင် ငါးမန်းအစာကျွေးသူက သူလုပ်တာမှားနေပြီး နာ့စ်ရှာ့က်ငါးမန်းတွေကို  ဒေါသဖြစ်ကာ ဒီငါးတွေကို ထိုးခဲ့တာပါ” လို့ ဂျုန်းစ်ကပြောပါတယ်။ “တကယ်ကို ကောင်းတဲ့ အတွေ့အကြုံပါ။ ဒါပေမယ့် လမ်းညွှန်က ငါးမန်းကို ထိုးခဲ့တာက လိုတယ်လို့ မထင်ဘူး” လို့ ဆိုပြီး ရုပ်သံကို အင်စတာဂရမ်စာမျက်နှာပေါ် တင်ခဲ့တာပါ။ ဘာဟားမားကျွန်းစုရှိ Stuart Cove ရေငုပ်ကုမ္ပဏီက ရုပ်သံကို မြင်တဲ့အချိန်မှာ ချက်ချင်းတုံ့ပြန်ပြီး ဧည့်လမ်းညွှန်ကို အလုပ်ထုတ်ခဲ့တာလို့ သိရပါတယ်။ ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူက သူတို့ကုမ္ပဏီက ငါးမန်းတွေကို လေးလေးစားစား ကိုင်တွယ်ဆက်ဆံဖို့၊ ကာကွယ်ဖို့အတွက် ရေရှည်ဆက်လက်ရပ်တည်သွားမယ်လို့ ပြောလိုက်ပါတယ်။ ကျနော်တို့ကုမ္ပဏီက ငါးမန်းအစာကျွေးသူအားလုံးနဲ့ ဒီကိစ္စကို ဆွေးနွေးခဲ့ပြီး ငါးမန်းတွေကို အစာကျွေးရာမှာ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို အသုံးပြုဖို့ ထပ်တလဲလဲ ပြောခဲ့ပါတယ်။ ငါးမန်းတွေကို လက်သီးနဲ့ ထိုးခဲ့သူကိုယ်တိုင်လည်း သူဘယ်လောက် စိတ်မထိန်းနိုင်လဲဆိုတာကို မြင်ပြီး အထိတ်တလန့်ဖြစ်ကာ ဒီဖြစ်ရပ်အတွက် တောင်းပန်ခဲ့တယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up