ကွန်ဂို စစ်ကုန်တင်လေယာဉ်တစီး ပျက်ကျ၊ ၁၂ ဦး သေဆုံး

ဓာတ်ပုံ-ရိုက်တာ
3.2K
ကွန်ဂိုနိုင်ငံ မြို့တော်ကင်ရှာဆာမှာ စစ်တပ်သုံး ကုန်တင်လေယာဉ်တစီး မနေ့က ပျက်ကျလို့ လေယာဉ် ဝန်ထမ်း ၁၂ ယောက် သေဆုံးတယ်လို့ ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။
ကုန်တင်လေယာဉ်ဟာ ကင်ရှာဆာ မြို့တော် အန်ဂျီလီလေဆိပ်ကနေ ပျံတက်ပြီး မကြာခင် မီးလောင်ပြီး အနားက သစ်တောကြိုးဝိုင်းထဲ ပျက်ကျခဲ့တယ်လို့ ပျက်ကျတာကို မြင်ခဲ့တဲ့ စစ်တပ် အရာရှိတယောက်က ဆိုပါတယ်။
ဒီကြိုးဝိုင်းသစ်တောကို စစ်တပ်ရဲ့ ရီပတ်ဘလစ်ကင် အစောင့်တပ်က ထိန်းချုပ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကွန်ဂိုနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ ပါတယ်လို့ အမည်မဖော်တဲ့ အရာရှိက ပြောပါတယ်။
အန်တိုနော့ဗ် ၁၂ လေယာဉ်ဟာ နိုင်ငံ အရှေ့ပိုင်း ဘူခါဗူမြို့ကို သွားဖို့ စီစဉ်ထားခဲ့တာလို့ အမည်မဖော်တဲ့ ကွန်ဂိုလေတပ် ထောက်လှမ်းရေး တယောက်က ပြောပါတယ်။
လေယာဉ်ပျက်ကျတဲ့ နေရာကို သတင်းထောက်တွေ ချဉ်းကပ်လို့မရအောင် စစ်သား တွေက ဟန့်တားထားပါတယ်။
ဒါပေမယ့် ပျက်ကျတဲ့နေရာကနေ မီးခိုးတွေ အူတက်နေတာကို ကီလိုမီတာ အတော်များများ အဝေးကနေ မြင်နိုင်တယ်လို့ မျက်မြင်သက်သေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဘေးကင်းရေး စံချိန်စံညွှန်းတွေ လျော့ရဲလို့ လေကြောင်းမတော်တဆမှုတွေက ကွန်ဂိုနိုင်ငံမှာ မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။
ကွန်ဂိုနိုင်ငံက စီးပွားဖြစ် ကုန်တင်လေယာဉ်အားလုံးဟာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေမှာ လုပ်ငန်းမလုပ်ဖို့ တားမြစ်ပိတ်ပင်ခံထားရပါတယ်။
