အောက်ဆိုဒ်ကားနှင့် စည်းကမ်းပျက် YBS ယာဉ် ၈၀ ကျော်ကို စတင်ဖမ်းဆီး
DVB
·
September 30, 2017
နံပါတ်အတိအကျနဲ့ တိုင်ကြားလာတဲ့ အောက်ဆိုဒ်ကားနဲ့ စည်းကမ်းပျက် YBS ဘတ်စကား ယာဉ်အစီး ၈၀ ကျော်ကို စက်တင်ဘာလ ၂၉ ရက် ညက ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းမှတ်တိုင်မှာ ကျောက်တံတားမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့က စောင့်ဆိုင်း ဖမ်းဆီးခဲ့ပါတယ်။
အခုရရှိခဲ့တဲ့ စာရင်းဟာ ခရီးသွားပြည်သူတွေ ကိုယ်တိုင်က အချိန်နာရီ ပြစ်မှုနဲ့တကွ တိုင်ကြားလာတဲ့ စာရင်းတွေဖြစ်ပြီး တိုင်ကြားခံရတဲ့အများစုဟာ အောက်ဆိုဒ်ကားတွေ ဖြစ်တယ်လို့ တာဝန်ကျယာဉ်ထိန်းရဲအရာရှိကဆိုပါတယ်။
ဖမ်းဆီးရရှိတဲ့ ယာဉ်တွေကို လိုင်စင်သိမ်း ချလံဖြတ်အရေးယူသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
ကျောက်တံတားမြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ဆန်းဦးက “ရက်အတိအကျ မသတ်မှတ်ထားဘူး။ စာရင်းနဲ့တိုင်ကြားထားတဲ့ ကားတွေမကုန်မချင်း အရေးယူ ဆောင်ရွက်သွားမယ်။ တိုင်ထားတာက နံပါတ်နဲ့ အချိန်နဲ့ အတိအကျတိုင်ထားတာဆိုတော့ ကျနော်တို့က အတိအကျလုပ်ဆောင်တာပါ” လို့ ပြောပါတယ်။