တရုတ်က ပြည်တွင်းထုတ် ခရီးသည်တင် ဂျက်လေယာဉ်များကို အောင်မြင်စွာ စမ်းသပ်မောင်းနှင်

တရုတ်နိုင်ငံက ပြည်တွင်းထုတ် ခရီးသည်တင် ဂျက်လေယာဉ်တွေကို စက်တင်ဘာ ၂၈ ရက်နေ့က အောင်မြင်စွာ စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ C919 နဲ့ ARJ21 ခရီးသည်တင် ဂျက်လေယာဉ်တွေ တရုတ်ပြည်တွင်းမှာ ထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။ စက်တင်ဘာ ၂၈ ရက်က C919 ခရီးသည်တင်လေယာဉ်ဟာ ရှန်ဟိုင်း နိုင်ငံတကာလေဆိပ်ကနေ ပျံတက်ခဲ့ပြီး အမြင့်ပေ ၁ သောင်းထိ ရောက်ရှိကာ အချိန် ၂ နာရီ ၄၆ မိနစ်ကြာအောင် ပျံသန်းခဲ့တာပါ။ အခုတကြိမ် လေယာဉ်ပျံသန်းမှုကြာချိန်ဟာ မေလက စမ်းသပ်ပျံသန်းမှုထက် အချိန်နှစ်ဆ ကြာမြင့်ခဲ့တာပါ။ “အခုစမ်းသပ်ပျံသန်းမှုမှာ လေယာဉ်အဆင်းဂီယာလည်း ပြေပြစ်ချောမွေ့သလို ပျံသန်းချိန်အတွင်း လေယာဉ်ရဲ့ လုပ်ဆောင်ချက်တွေဟာလည်း မော်ျမှန်းထားချက်နဲ့ ကိုက်ညီပါတယ်။ လေယာဉ်ကိုယ်ထည်ကို သုံးစွဲသူတွေ အကြိုက်ဖြစ်အောင် ဒါမှမဟုတ် အဲဒီထက်ပိုကောင်းအောင် တိုးချဲ့မွမ်းမံသွားမယ်" လို့ C919 လေယာဉ်စမ်းသပ်မောင်းနှင်ရေး အင်ဂျင်နီယာ ကျန်တားဝေက ပြောကြားသွားပါတယ်။ တရုတ်နိုင်ငံဟာ အခုလို ခရီးသည်တင်လေယာဉ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တာကြောင့် ကမ္ဘာပေါ်မှာ ၄ ဦးမြောက် ခရီးသည်တင်လေယာဉ် ထုတ်လုပ်သူ ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ခရီးသည်တင်လေယာဉ် ထုတ်လုပ်တဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ အနောက်ဥရောပနိုင်ငံတွေနဲ့ ရုရှားတို့ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up