Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ကန်ကျနပူရီတွင် မြန်မာအလုပ်သမား ၅၀၀ ကျော် ဆန္ဒပြ
နန်းမြနဒီ
·
September 29, 2017
ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ရှိ ပြောင်းဖူးစက်ရုံတစ်ခုက မြန်မာအလုပ်သမား ၅၀၀ ကျော်ဟာ အလုပ်သမားအခွင့်အရေး အပြည့်အ၀ရဖို့  စက်တင်ဘာ ၂၇  နဲ့ ၂၈ နေ့တွေမှာ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပါတယ်။ ကန်ကျနပူရီမြို့ ကဲင်ဆိန့်ရပ်ကွက်ရှိ  River Kwai International စက်ရုံက မြန်မာ လုပ်သားတွေဟာ အလုပ်သမားဥပဒေက ပြဌာန်းထားတဲ့ လုပ်အားခအတိုင်း ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ အလုပ်နားရက်၊ အလုပ်နားချိန်ရရှိရေးတွေအတွက် ၂ ရက်တိုင်အလုပ် မဆင်းဘဲ ဆန္ဒပြခဲ့တာပါ။ အလုပ်ရှင်နဲ့ အလုပ်သမားတို့ကြား ပြေလည်မှုရရှိရေး သွားရောက်ကူညီဖြေရှင်းပေးခဲ့သူ အေအေစီအလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့မှ ကိုရဲမင်းက“  အလုပ်သမားပေါင်း ၅၀၀ ကျော်ကို လုပ်အားခဈေးကို အဆမတန်နှိမ်ပြီး ခိုင်းနေတာ။ အမှန်က ၃၀၅ ဘတ်ရရမယ့် ခရိုင်မှာ ၂၄၀ ဘဲပေးပြီးတော့ ခိုင်းနေတာ။ မိန်းကလေးတွေဆို ၂၃၀ ဘဲပေးတယ်။ အိုတီ ( အချိန်ပို ) ဆင်းခ တနာရီ ၆၅ ဘတ်ကိုလည်း ၃၅ ဘတ်ပဲပေးတဲ့ကိစ္စပေါ့။  အစိုးရက လုပ်အားခတွေ မတိုးပေးခင်တုန်းကလည်း အဲလိုဘဲ အပြည့်မရကြဘူး။”လို့ပြောပါတယ်။ အလုပ်သမားတွေက သူတို့လိုလားချက်တွေ ကူညီညှိနိုင်းပေးဖို့ ဆက်သွယ်အကူအညီ တောင်းလာတာကြောင့် မနေ့မနက်က မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးအောင်ကိုသန်းနဲ့ အေအေစီ မဟာမိတ်အဖွဲ့ဝင်တွေဟာ အဆိုပါ စက်ရုံရှိရာကို သွားရောက်ခဲ့ပြီး စက်ရုံက တာဝန်ရှိ သူတွေ၊  ခရိုင်အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးက တာဝန်ရှိသူတွေနဲ့အတူ  ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ ည ၇ နာရီလောက်မှာ အလုပ်သမားတွေရဲ့ တောင်းဆိုချက်အတိုင်း အလုပ်ရှင်က လုပ်အားခတွေ ဒီကနေ့စပြီး အပြည့်ပေးမယ်လို့ ကတိပေးတဲ့အတွက် ပြေလည်မှုရခဲ့ပါတယ်။ ဒါပေမယ့် အရင်က အပြည့်မရခဲ့တဲ့ လုပ်အားခတွေ  ပြန်တောင်းကြမယ်ဆိုရင် အလုပ်ရှင်ဘက်ကလည်း အလုပ်သမားတွေ ၂ ရက်အလုပ်မဆင်းတာကြောင့် စက်ရုံလည်ပတ်မှု ထိခိုက်ပြီး ထုတ်ကုန်တွေ နစ်နာဆုံးရှုံးစေတဲ့အတွက် အလုပ်သမားတွေကို ပြန်ပြီး တရားစွဲရ မယ်လို့ဆိုတာကြောင့် လုပ်ခအဟောင်း ပြန်တောင်းရေး/ မတောင်းရေး အလုပ်သမားတွေ ဆွေးနွေးနေဆဲဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024