Home
မြန်မာသတင်း
ရခိုင်ပြည်နယ်စစ်ဆင်ရေး ရပ်တန့်ရန် လုံခြုံရေးကောင်စီ၌ ကုလအတွင်းရေးမှူးချုပ်တိုက်တွန်း
DVB
·
September 29, 2017
ရခိုင်ပြည်နယ်ထဲမှာ စစ်ဆင်ရေး ဆောင်ရွက်နေတာကို ရပ်တန့်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ စက်တင်ဘာ ၂၈ ရက်က ပထမဆုံးအကြိမ် အဖွဲ့ဝင်နိုင်ငံတွေ တံခါးဖွင့် အစည်းအဝေး ကျင်းပရာမှာ ကုလသမဂ္ဂ အကြီးအကဲက ပြောသွားတာပါ။ ရခိုင်ပြည်နယ်မှာ သြဂုတ် ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရှုတ်ချကြောင်း ပြောကြားခဲ့သလို မြန်မာအစိုးရအနေနဲ့  စစ်ဆင်ရေးတွေရပ်တံ့ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးခွင့်ပြုဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာသူတွေ ဘေးကင်းလုံခြုံ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်အောင် ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းပါတယ်။ “အခြေအနေဟာ ဒုက္ခသည် အရေးပေါ်အခြေအနေ၊ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေး အဖြစ်ဆိုးကြီးအဖြစ် ကမ္ဘာ့အမြန်ဆုံးနှုန်းနဲ့ ထိုးတက်သွားခဲ့တယ်” လို့ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က လုံခြုံရေးကောင်စီမှာ ပြောပါတယ်။ ဒါ့အပြင် တရားလွန်အကြမ်းဖက်မှုတွေ၊ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လက်လွတ်စပယ် လက်နက်တွေနဲ့ ပစ်ခတ်မှုတွေ၊ အရပ်သားတွေအပေါ် မြေမြှုပ်မိုင်း အသုံးပြုမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ လက်ခံနိုင်စရာမရှိဘဲ ချက်ချင်းရပ်တန့်ရမယ်လို့လည်း ပြောသွားပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေးကတော့ မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချနေတာတွေမလုပ်ဖို့ နိုင်ငံအားလုံးကို တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်လက်ထောက်သံအမတ်ကြီး ဝူဟိုင်းတာအိုကတော့ အကြမ်းဖက်တိုက်ခိုက်မှုကို ရှုတ်ချတဲ့အကြောင်း နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာအစိုးရ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို အပြုသဘောရှုမြင်ဖို့၊ စိတ်ရှည်သည်းခံဖို့နဲ့  ကူညီထောက်ပံ့မှုတွေပေးဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို ပြောကြားသွားပါတယ်။ မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကတော့  မြန်မာနိုင်ငံမှာ လူမျိုးစုရှင်းလင်းသုတ်သင်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ မရှိတဲ့အကြောင်း လုံခြုံရေးကောင်စီမှာ  ပြန်လည်တုံ့ပြန် ပြောကြားသွားပါတယ်။ “ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတာကို ဥပဒေနဲ့အညီသုံးသပ်၊ တရားရုံးက ဆန်းစစ်တာမလုပ်ဘဲ လူမျိုးတုံးသတ်ဖြတ်တယ်ဆိုပြီး စိတ်ခံစားချက်နဲ့ပြောမယ်ဆိုရင် ဒါဟာ ကျနော်တို့ခေတ်ရဲ့ စိတ်မကောင်းစရာ ထင်မြင်ချက်ဖြစ်မယ်။” လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပြဿနာဟာ ဘာသာရေးပြဿနာမဟုတ်ဘဲ အကြမ်းဖက်မှုကြောင့်ဖြစ်တဲ့ ပြဿနာဖြစ်တယ်လို့လည်း ဦးသောင်းထွန်းက ပြောကြားခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်ဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအပြီး ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေး ၂ ကြိမ်လောက် ကျင်းပခဲ့ပြီး ခုတကြိမ်ဟာ ပထမဆုံးအကြိမ် တံခါးဖွင့် အစည်းအဝေး ကျင်းပတာပါ။ လတ်တလော ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်သူ အရေအတွက် ၅ သိန်းလောက်ရှိပြီလို့ ကုလသမဂ္ဂက ခန့်မှန်းပြောကြားထားပြီး ဒုက္ခသည်တွေကို အကူအညီပေးဖို့ အလှူရှင်အစည်းအဝေးကို အောက်တိုဘာ ၉ ရက်နေ့ ကျင်းပဖို့ရှိတယ်လို့လည်း  ကုလအတွင်းရေးမှူးချုပ်က ပြောပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024