စစ်ဘေးရှောင်များအားကူညီရန် မြိတ်တွင် ရန်ပုံငွေ ဈေးရောင်းပွဲတော်ကျင်းပ
DVB
·
September 28, 2017
ရခိုင်ပြည်နယ်စစ်ဘေးရှောင်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ဒေသစားဖွယ်စုံ ဈေးရောင်းပွဲတော်ကို စက်တင်ဘာ ၂၈ ရက်က မြိတ်မြို့ ကမ်းနားသဲကွင်းရှိ ရှော့ပင်းစင်တာဝင်းအတွင်းမှာ ကျင်းပခဲ့ပါတယ်။
စားဖွယ်စုံဈေးရောင်းပွဲတော်မှာ အစားအသောက် ၂၆ မျိုး ခင်းကျင်းရောင်းချပြီး ရရှိတဲ့ အကျိုးအမြတ်တွေကို ရခိုင်ပြည်နယ်စစ်ဘေးရှောင်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းမယ်လို့ ပရဟိတအကျိုးဆောင် လူငယ်များအဖွဲ့မှ ဦးဆောင်သူ ကိုသက်အောင်က ပြောပါတယ်။
“ရန်ပုံငွေ ဈေးရောင်းပွဲတော် ကျင်းပတာ ဒီနှစ်ဆို ၃ နှစ်ရှိပါပြီ။ ၂၀၁၅ ခုနှစ်တုန်းက အထက်မြန်မာပြည် ရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ကျနော်တို့ ပရဟိတအကျိုးဆောင်လူငယ်များအဖွဲ့က မြိတ်လေယာဉ်ကွင်းလမ်းမကြီးမှာ ပြုလုပ်ခဲ့တယ်။ ၂၀၁၆ ခုနှစ်မှာလည်း အထက်မြန်မာပြည် ရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေဈေးရောင်းပွဲကို ရှော့ပင်းစင်တာမှာလုပ်ပြီး ရရှိတဲ့ အကျိုးအမြတ်တွေကို ဝေဠုကျော်ဖောင်ဒေးရှင်းနဲ့ ချိတ်ဆက်ပြီး လှူဒါန်းခဲ့ပါတယ်။ အခုရန်ပုံငွေ ဈေးရောင်းပွဲက ရခိုင်စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်တဲ့အခါ ပြန်လည်ထူထောင်ရေးမှာ တဖက်တလမ်းက ကူညီချင်တဲ့ဆန္ဒနဲ့ ဒီပွဲကို ကျင်းပပါတယ်။”
ရန်ပုံငွေဈေးရောင်းပွဲတော်မှာ ဒေသခံတွေ အားပေးမှုနဲ့ စည်ကားနေကြောင်း လာရောက်အားပေးသူ ကိုမျိုးမြင့်က ပြောပါတယ်။
“ဒီလိုပွဲမျိုးလုပ်တာ ကောင်းပါတယ်၊ ကျနော်တို့ တဦးချင်းလှူမယ်ဆိုရင် မလွယ်လောက်ဘူး လေ။ ခုလိုပွဲမျိုးစီစဉ်တော့ လက်မှတ်တစ်စောင် ၅၀၀ ဆိုတော့ လူတန်းစားမရွေး အားပေးနိုင်တယ်။ ဝမ်းလည်းဝတယ် အလှူလည်းဖြစ်တော့ ကျနော်တို့လည်း ပီတိဖြစ်တာပေါ့” လို့ ပြောကြားခဲ့ပါတယ်။
ရန်ပုံငွေဈေးရောင်းပွဲတော်က ရရှိတဲ့ အကျိုးအမြတ်တွေကို ရန်ကုန်မြို့ ရွှေတိဂုံရင်ပြင်မှာ ဖွင့်လှစ်ထားတဲ့ ရခိုင်ပြည်နယ် ကယ်ဆယ်ရေးစခန်းနဲ့ ချိတ်ဆက်ပြီး ပေးအပ်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
မြတ်ထွဋ် ( မြိတ် )