Home
မြန်မာသတင်း
အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ် ရေးဆွဲနေပြီး နှစ်ကုန်ပိုင်းတွင် ပြဋ္ဌာန်းမည်
နေဖြိုးဝင်း
·
September 28, 2017
အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ် ရေးဆွဲနေပြီး နှစ်ကုန်ပိုင်းမှာ ပြဋ္ဌာန်းဖို့ရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ ဒုတိယအကြိမ် အစိုးရဌာနတွေအတွင်း အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ် ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ရာမှာ ပြောကြားသွားတာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါး အခြေအနေ၊ အနာဂတ်မှာ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ စိန်ခေါ်မှုတွေ၊ တည်ဆဲဥပဒေတွေနဲ့ အခြေခံမူတွေအပေါ် ဘက်ပေါင်းစုံကနေ လေ့လာသုံးသပ်ပြီး မူဝါဒကောင်းတရပ် ပေါ်ထွက်လာဖို့ ဆောင်ရွက်ခဲ့တာမှာ မူဝါဒသစ်တရပ် ထွက်ပေါ်လာတဲ့အဆင့်ကို ရောက်လာပြီလို့ ပြည်ထဲရေး ဒုဝန်ကြီးက ပြောပါတယ်။ “မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒကောင်းတခု ထွက်ပေါ်လာရေးဟာ တကယ်ကို လိုအပ်တဲ့အချိန်ကာလတခု ဖြစ်ပါတယ်။ တောမြို့ကျေးရွာမကျန် သုံးစွဲသူတွေ များပြားလာပြီး အချို့နေရာတွေမှာ သုံးစွဲနေကြပေမယ့် အန္တရာယ်ဆိုးကျိုးကို မသိရှိတဲ့ နေရာတွေလည်း ရှိပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ကျူးလွန်တတ်တဲ့ မှုခင်းတွေဟာလည်း လူငယ်တွေကြား ဖြစ်ပွားမှုတတ်လာတာကို တွေ့ရှိရပါတယ်”လို့ ဗိုလ်ချုပ်အောင်စိုးက ဆိုပါတယ်။ မူးယစ်ဆေးဝါး ပြဿနာဟာ တရားစီရင်ရေးတခုတည်းနဲ့ ဆောင်ရွက်လို့မရဘဲ ဘက်ပေါင်းစုံ ချဉ်းကပ်မှုတွေ ပါဝင်ရမှာ ဖြစ်သလို အဖွဲ့အစည်းအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရေးပါတယ်လို့ဆိုပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းဌာန၊ ဌာနမှူး၊ ရဲမှူးကြီးဇော်လင်းထွန်းက“၂၀၁၇ နှစ်ကုန်လောက်မှာ စပြီးတော့ ပြဋ္ဌာန်းမှာ ဖြစ်ပါတယ်။ ပြီးရင် တနိုင်ငံလုံး အတိုင်းအတာနဲ့ လွှမ်းခြုံနိုင်မယ့် ၂ နှစ်စာ Action Plan တခု ရေးဆွဲမှာ ဖြစ်ပါတယ်” ပြောပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအပြင် ရေရှည် ဖြေရှင်းနိုင်မယ့် လုပ်ငန်းစဉ်တွေကို တဆင့်ချင်းစီ ရေးဆွဲဆောင်ရွက်နေပြီး အခု မူးယစ်ဆေးမူဝါဒ ရေးဆွဲမှုဟာ ရေရှည်လုပ်ငန်းစဉ်တွေရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024