မြောက်ကိုရီးယားအရေး ဖြေရှင်းရန် စစ်ရေးနည်းလမ်း ပြင်ဆင်ထားဟု ဒေါ်နယ်ထရမ့် ပြော

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယား နျူကလီးယား အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်က စစ်ရေးနည်းလမ်းကို အပြည့်အဝ ပြင်ဆင်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသွားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ စပိန်ဝန်ကြီးချုပ်တို့ အိမ်ဖြူတော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးက “သမ္မတကြီးက မြောက်ကိုရီးယားကို  စစ်ကြေညာလိုက်တာလို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ နောက်ပြီး နိုင်ငံတကာပိုင်နက်ထဲမှာရှိတဲ့ အမေရိကန် လေယာဉ်တွေကို ပစ်ချမယ်လို့လည်း မြောက်ကိုရီးယားက ခြိမ်းခြောက်ထားပါတယ်။ ဘယ်လိုတုံ့ပြန်လိုပါသလဲ" လို့ မေးမြန်းခဲ့တာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “ကျနော် ဒုတိယအချက်ကို အရင်ဖြေပါမယ်။ ကျနော်တို့ရဲ့ ဒုတိယနည်းလမ်းအတွက် အပြည့်အဝ ပြင်ဆင်ထားပါတယ်။ သိပ်တော့ မကြိုက်ပေမယ့် အဲဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ အကုန် ပြိုကျပျက်စီးသွားမှာပါ။ မြောက်ကိုရီးယား ပြိုကျပျက်စီးသွားမှာပါ။ အဲဒီနည်းလမ်းကတော့ စစ်ရေးနည်းလမ်းပါ။ မဖြစ်မနေသုံးဖို့လိုရင် ဒီနည်းကို သုံးသွားမှာပါ" လို့ ဖြေကြားခဲ့ပါတယ်။ ဆက်လက်ပြီး ထရမ့်က "မြောက်ကိုရီးယားခေါင်းဆောင်ဟာ ဆိုးဆိုးဝါးဝါးလုပ်ရပ်တွေ လုပ်နေတာပါ။ လုံးဝမပြောသင့်တဲ့ စကားတွေကိုလည်း ပြောနေတာပါ။ ကျနော်တို့က သူ့စကားတွေကို ပြန်လည်တုံ့ပြန်နေရတာပါ။ ကျနော်တို့က စပြီး ထုတ်ပြန်ကြေညာတာ မဟုတ်ပါဘူး။ သူပြောတာတွေ ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ အစိုးရအဆက်ဆက်ကို ပြောတာခဲ့တွေ တွေ့နိုင်ပါတယ်။ မြောက်ကိုရီးယား အကျပ်အတည်းဟာ လွန်ခဲ့တဲ့ ၂၅ နှစ်၊ နှစ် ၂၀၊ ၁၅ နှစ်၊ ၁၀ နှစ်၊ ၅ နှစ်အတွင်းမှာ ကိုင်တွယ်ဖြေရှင်းခဲ့ရမယ့် ကိစ္စပါ။ ပြီးတော့ ပိုပြီး လွယ်လွယ်ကူကူ ကိုင်တွယ်ဖြေရှင်းခဲ့ရမယ့် ကိစ္စပါ။ အရင် အမေရိကန်အစိုးရ အဆက်ဆက်ဟာ ဒီအရှုပ်ကြီးကို ကျနော့်လက်ထဲ ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော် ဒီအရှုပ်ကို ရှင်းသွားမှာပါ။ ဒီတော့ မြောက်ကိုရီးယား ဘာဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့” လို့လည်း ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up