A(H1N1) ရောဂါပိုးတွေ့ လူနာပေါင်း ၄၀၀ ခန့်နှင့် သေဆုံးသူ ၃၈ ဦးရှိပြီ
DVB
·
September 27, 2017
မြန်မာတနိုင်ငံလုံးမှာ ရာသီတုပ်ကွေးရောဂါ A(H1N1) ပိုးတွေ့ အတည်ပြု လူနာပေါင်း ၄၀၀ လောက်နဲ့ သေဆုံးသူပေါင်း ၃၈ ဦးရှိခဲ့တယ်လို့ ကျန်မာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၁ ရက်မှ စက်တင်ဘာ ၂၆ ရက်ထိ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါနဲ့ ဆေးရုံတက်ရောက် ကုသသူလူနာ ပေါင်း ၁၁၈ဝ အနက် H1N1 ပိုးတွေ့လူနာ စုစုပေါင်း ၄ဝဝ ရှိခဲ့ပြီး သေဆုံးသူဦးရေမှာ ၃၈ ဦးရှိတယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ ဧရာဝတီတိုင်းက ၁၃ ဦးနဲ့ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းမှာ ၈ ဦး၊ ပဲခူးတိုင်းမှာ ၆ ဦးနဲ့ တခြား ပြည်နယ်နဲ့ တိုင်းတွေမှာ ၁၁ ဦး စုစုပေါင်း ၃၈ ဦးရှိခဲ့တာပါ။
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်းမှာတော့ ရာသီတုပ်ကွေးရောဂါ A(H1N1) သံသယလူနာ ၃၅ ဦးကို စစ်ဆေးခဲ့ရာမှာ တဦးသာ ရောဂါတွေ့ရှိရပြီး သေဆုံးသူမရှိဘူးလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
ရောဂါကူးစက်မှုနှုန်း ကျဆင်းလာနေသလို ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံယူနေရသူ အရေအတွက်လည်း သိသိသာသာ ကျဆင်းသွားပြီး တုပ်ကွေးဆန်တဲ့ ရောဂါဖြစ်ပွားမှု အခြေအနေကလည်း လျော့နည်းသွားတယ်လို့ ဆိုပါတယ်။
လတ်တလော ဝေဘာဂီဆေးရုံကြီးမှာ H1N1 ပိုးတွေ့ အတွင်းလူနာအဖြစ် တက်ရောက် ကုသမှု ခံယူနေသူ မရှိတော့သလို တခြားပြည်နယ်နဲ့ တိုင်းတွေက ဆေးရုံတွေမှာ အတွင်းလူနာ ၃ ဦးနဲ့ ပြင်ပလူနာ ၁၉ ဦးသာ ကျန်ရှိတော့တယ်လို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။