Home
မြန်မာသတင်း
အလုပ်​မှရသည့်ငွေ တဝက်​စီခွဲ​ဝေပြီး ပြန်​လည်​​တောင်းရာမှ လူသတ်​မှုဖြစ်​ပွား
DVB
·
September 27, 2017
တောင်တွင်းကြီးမြို့ ဆတ်သွားတိုက်နယ် ခရိုင်ချင်းဆက်လမ်းဘေး စစ်တားကျေးရွာအုပ်စု အင်းဝင်းလမ်းပေါက်နဲ့ ပိုးစခင်းလမ်းပေါက်အကြားမှာ စက်တင်ဘာ ၂၅ ရက် မနက် ၇ နာရီ အချိန်က ဆိုင်ကယ်နဲ့ အမျိုးသားတဦးပက်လက်အနေထားနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ဆတ်သွားနယ်မြေရဲစခန်းမှ သိရပါတယ်။ စစ်တားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ဆတ်သွားနယ်မြေရဲစခန်းတာဝန်ရှိသူတွေက အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ကြို့ချောင်းကျေးရွာအုပ်စု တက်ပုအောင်းကျေးရွာနေ အသက် ၂၇ နှစ်အရွယ် ၀င်းဇော်မင်း ဖြစ်ပြီး ခန္ဓာကိုယ်မှာ ဖူးရောင် ပေါက်ပြဲဒဏ်ရာတွေရရှိကာ ပက်လက်အနေအထားနဲ့ သေဆုံးနေတာကို စစ်ဆေးတွေ့ရှိခဲ့ပါ တယ်။ ၀င်းမင်းဇော်သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ရေး ဆတ်သွားနယ်မြေရဲစခန်းမှ တာဝန်ရှိသူတွေဟာ မသင်္ကာသူလို့ယူဆရတဲ့ ကြို့ချောင်းကျေးရွာအုပ်စု တက်ပုအောင်းကျေးရွာ နေ ကျပန်းလုပ်ကိုင်သူ အောင်ကြီးမောင် (၃၃ နှစ်)ကို ခေါ်ယူစစ်ဆေးရာ အခင်းမဖြစ်ပွားခင် စက်တင်ဘာ ၂၄ ရက်နေ့ ည ၁၀ နာရီလောက်က သားဖြစ်သူ မင်းမင်းသော် ၁၃ နှစ်ကို ဆိုင်ကယ်နောက်မှတင်ပြီး သေဆုံးသူ ၀င်းမင်းဇော်နဲ့အတူ ဆိုင်ကယ်ကိုယ်စီနဲ့ ရွာမှထွက်လာပြီး ထန်းတောကြီးကျေးရွာရှိ ဦးဝင်းမောင်ရဲ့ဆိုင်မှာ အရက်အတူ သောက်ခဲ့ကြပါတယ်။ အောင်ကြီးမောင်က သားဖြစ်သူ မင်းမင်းသော်ကို အရက်ဆိုင်မှာထားရှိခဲ့ပြီး ၀င်းမင်းဇော်နဲ့ အတူ လှည်းပဒေါင်းပြုလုပ်ဖို့ သစ်တွေကို ဆိုင်ကယ်ပေါ်တင်ဆောင်ကာ တောစိမ်းကျေးရွာသို့ သွားရောက် ရောင်းချခဲ့ပြီးအပြန်မှာ ဆတ်သွားကျေးရွာရှိ ဒေါ်ခင်ဝေသန်း ဆိုင်မှာ အရက်အတူ ထပ်မံသောက်ခဲ့ပြီး သစ်ရောင်းချရရှိငွေကို ၀င်းမင်းဇော်မှ အောင်ကြီးမောင်ကို တ၀က်ခွဲပေးကာ ဆိုင်မှာ စားသောက်ပြီးကျန်နေခဲ့ပါတယ်။ အောင်ကြီးမောင်မှာ သားဖြစ်သူကို ထန်းတောကြီးကျေးရွာရှိ ဦးဝင်းမောင်ဆိုင်သို့ သွားရောက်ခေါ်ခဲ့ပြီး ဆက်သွားကျေးရွာဘက်သို့အပြန် စက်တင်ဘာ ၂၄ ရက်နေ့ ည ၁၂ လောက်မှာ အင်းဝင်း/မင်းကွင်းကျေးရွာအနီး ၀င်းမင်းဇော်နဲ့ ပြန်တွေ့ကြကာ ၀င်းမင်းဇော်မှ အောင်ကြီးမောင်ထံခွဲပေးခဲ့တဲ့ သစ်ဖိုးရောင်းရငွေတဝက်ကို ပြန်ပေးဖို့တောင်းခဲ့တဲ့အတွက် မပေးနိုင်ကြောင်းပြောပြီး ၀င်းမင်းဇော်က အနီးရှိကျောက်ခဲနဲ့ ပစ်ပေါက်ရာ အောင်ကြီးမောင်ရဲ့ ၀ဲဘက်နားထင်ကို ထိမှန်ခဲ့ပြီး ၎င်းမှ ၀င်းမင်းဇော်ကို ဆိုင်ကယ်နဲ့ ယာဘက်ပေါင်ကို ၀င်တိုက်ပြီး လဲကျသွားစဉ် ဆက်လက်ဝင်ရောက်ထိုးနှက်ကာ အနီးနားရှိ အရှည် ၂ တောင်၊ လုံးပတ် ၅ လက်မခန့် သစ်သားတုတ်ဖြင့် ယာဘက်ပေါင်တံအား ၃ချက်ခန့် ရိုက်ပြီး လမ်းဘေးလယ်ကွက်ထဲသို့ ဆွဲချကာ ပက်လက်အနေထားဖြင့် ထားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရပါတယ်။ လူသတ်မှုနဲ့ ပတ်သက်ပြီး အောင်ကြီးမောင် (၃၃ နှစ်)ကို ဥပဒေအရ အရေးယူပေးနိုင်ဖို့ ဆတ်သွားနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ထွန်းအောင်ကျော်မှ တရားလိုပြုလုပ်ပြီး (ပ)၁၅၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - သားကြီး (တောင်တွင်းကြီး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024