ဘေးလ်၊ ရော်နယ်ဒိုတို့၏ သွင်းဂိုးဖြင့် ရီးရဲလ်က ဒေါ့မွန်ကို နိုင် (ရုပ်သံ)

ချန်ပီယံလိဂ် အုပ်စု အိတ်ခ်ျ ဒုတိယပွဲစဉ်အဖြစ် ဂျာမန်ကလပ် ဒေါ့မွန်နဲ့ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ပွဲစဉ်မှာတော့ ရီးရဲလ်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဂျာမန်မြေမှာ မနေ့ညက ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ရီးရဲလ်ဟာ ဘေးလ်၊ ရော်နယ်ဒို တိုက်စစ်အတွဲကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ မိုဒရစ်၊ တိုနီခရူးစ်၊ အစ္စကို၊ ကပ်စ်မဲရိုးတို့နဲ့ အထိုင်ချကာ နောက်တန်းမှာ ရာမို့စ်၊ ကာဗာဟယ်၊ နာချို၊ ဗာရန်းတို့နဲ့ ပွဲထက်လာခဲ့ပါတယ်။ အိမ်ရှင် ဒေါ့မွန်ကလည်း တိုက်စစ်မှူး ကာဂါဝါကို အရန်ခုံမှာ ထိုင်ခိုင်းထားခဲ့ပေမယ့် တိုက်စစ်မှူး အော်ဘာမီယန်း၊ ယာမိုလန်ကို၊ ဖိလစ်၊ ဂေါ့ဇီ၊ ဆာဟင် စတဲ့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ပါတယ်။ ပွဲချိန် ၁၈ မိနစ်မှာ ရီးရဲလ်တိုက်စစ်မှူး ဘေးလ်က အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ပထမပိုင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရီးရဲလ် ဦးဆောင်ထားနိုင်ပါတယ်။ ဒီပွဲရဲ့ ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိုးဖောက်ကန်သွင်းမှုတွေမှာ နှစ်သင်းစလုံး မတိမ်းမယိမ်း ရှိခဲ့ပြီး အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြတဲ့အတွက် ကြည့်ကောင်းတဲ့ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။ ရီးရဲလ်အတွက် ဒုတိယနဲ့ တတိယဂိုးတွေကို ပွဲချိန် ၄၉ မိနစ်နဲ့ ၇၉ မိနစ်တွေမှာ တိုက်စစ်မှူး ရော်နယ်ဒိုက သွင်းယူပေးခဲ့ပါတယ်။ ဒေါ့မွန်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ၅၄ မိနစ်မှာ တိုက်စစ်မှူး အော်ဘာမီယန်းက သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ ရီးရဲလ်ဟာ ချန်ပီယံလိဂ် အဖွင့်နှစ်ပွဲစလုံး အနိုင်ရပြီး ရမှတ် ၆ မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဒေါ့မွန်ကတော့ နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့တဲ့အတွက် အမှတ်မရသေးဘဲ အုပ်စု တတိယနေရာမှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up