လာမယ့်နှစ် ဘတ်ဂျက်အသုံးစရိတ် အတည်ပြု
အေးနိုင်
·
March 23, 2012
လာမယ့် ဧပြီ ၁ ရက်မှာ စတင်မယ့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် အသုံးစရိတ်ကို ပြည်ထောင်စုလွှတ်တော်က မတ် ၂၂ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
အတည်ပြုတဲ့ ဘတ်ဂျက်အရ ကျန်းမာရေးမှာ မနှစ်က ဘတ်ဂျက်ထက် ၄ ဆ၊ ပညာရေးမှာ မနှစ်က ဘတ်ဂျက်ထက် ၂ ဆ၊ တက်လာသလို ကာကွယ်ရေးအတွက် ဘတ်ဂျက်လည်း မနှစ်ကထက် တက်လာတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာနနဲ့ နေပြည်တော် ဆောက်လုပ်ရေး စည်ပင်သာယာ ဘတ်ဂျက်တွေ လျော့ကျသွားသလို မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနက တင်ပြတဲ့ ကျပ်ငွေ ဘီလီယံပေါင်း ၄၀၀ ခန့် အဆိုပြုချက်ကိုတော့ လုံးဝ မချပေးတော့ဘဲ ဖြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတော်ဘတ်ဂျက် အသုံးစရိတ်ကိစ္စကို အစိုးရသစ် သက်တမ်း ၁ နှစ်အတွင်း ဆောင်ရွက်နိုင်မှုဟာ ရာခိုင်နှုန်းပြည့် မဟုတ်ပေမယ့် ကျေနပ်လောက်ဖွယ် ရှိခဲ့ပါတယ်လို့ ဒေါက်တာမြတ်ဥာဏစိုးက ဖြေဆိုပါတယ်။
အမေရိကန် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့ ရောင်းချရငွေ၊ ကျောက်မျက်ရတနာ ရောင်းချရငွေ၊ နေပြည်တော် ဆောက်လုပ်ရေး အသုံးစရိတ်ရှင်းတမ်းတွေကိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေကို ချပြခြင်း မရှိသေးပါဘူး။
ဒီငွေကြေးတွေနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ ကြိုးပမ်းချက်ကို မေးရာမှာ လွှတ်တော် ၂ ရပ်မှာ ရှိတဲ့ ငွေစာရင်းကော်မတီတွေက ဆောင်ရွက်နေတယ်လို့ ဒေါက်တာမြတ်ဥာဏစိုးက ဖြေဆိုသွားပါတယ်။
“ကိန်းဂဏန်းတွေ အတိအကျ လိုပါတယ်၊ နောက်တခါ စာရင်းဇယား အတိအကျ လိုပါတယ်။ ဒါတွေအတွက်ကို ကျနော်တို့က လွှတ်တော် ၂ ရပ်မှာ ရှိတဲ့ ပြည်သူ့ငွေစာရင်း ကော်မတီတွေ၊ နောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကနေ ဒါကို တာဝန်ခံပြီးတော့ ဆောင်ရွက်နေပါတယ်။ လွှတ်တော်ကတော့ ဒါကို တွန်းအားပေးပြီးတော့ ပြည်ထောင်စု အစိုးရအဖွဲ့ကို တောင်းဆိုသွားမှာပါ။ အဲဒီတော့ ဒီစာရင်းဇယားတွေ လွှတ်တော်ကို ရောက်လာတာနဲ့အမျှ လွှတ်တော်ကနေပြီးတော့ ဒီဟာတွေအပေါ်မှာ သုံးသပ်ချက် အစီရင်ခံစာတွေ ပြုစုပြီးတော့ ပြည်သူတွေကို ထုတ်ပြန်သွားမှာပါ။”