Live
Home
မြန်မာသတင်း
လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ပယ်ချ
DVB
·
September 26, 2017
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုလို့ ကုလသမဂ္ဂက ဖော်ပြပြောဆိုခဲ့တဲ့အပေါ် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းသံအမတ်ကြီးက ပယ်ချလိုက်ပါတယ်။ လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ဘင်္ဂါလီအရေးကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကမ္ဘာ့နိုင်ငံခေါင်းဆောင် တော်တော်များများက မိန့်ခွန်းမှာ ထည့်သွင်းဆွေးနွေးပြောဆိုခဲ့ကြပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတချို့က မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု၊ သုတ်သင်ရှင်းလင်းမှု စတာတွေကို သုံးနှုန်းတာတွေ ရှိခဲ့တာပါ။ ဒီကိစ္စကို စက်တင်ဘာ ၂၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ၇၂ ကြိမ်မြောက် အထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက “သဘာပတိကြီးခင်ဗျား ကျနော် ရှင်းရှင်းလင်းလင်းပဲ ပြောပါရစေ။ မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်တာ မရှိပါဘူး။ တိုင်းရင်းသား လူမျိုးပြုတ် ရှင်းလင်းတာမျိုးလည်း မရှိပါဘူး။ မြန်မာနိုင်ငံ ခေါင်းဆောင်တွေဟာ အရင်ကတည်းက လွတ်လပ်ရေးနဲ့ လူ့အခွင့်အရေးတွေအတွက် ကြိုးပမ်းလာခဲ့တဲ့သူတွေ ဖြစ်တာကြောင့် ဒီလို ပေါ်လစီမျိုးကို လက်ခံမှာ မဟုတ်ပါဘူး။ လူမျိုးပြုတ် ရှင်းလင်းတာ၊ လူမျိုးတုံး သတ်ဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ဖို့ ဘယ်အရာမဆို ကျနော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကြမ်းကြုတ်တယ်။ လူမျိုးတုံး သတ်ဖြတ်တယ်ဆိုတဲ့ အသုံးအနှုန်းတွေဟာ ပေါ့ပေါ့တန်တန် မသုံးသင့်ပါဘူး။ ဒီလိုအသုံးအနှုန်းမျိုးဟာ သိပ်ကို အပြစ်ကြီးတာကြောင့် ဥပဒေအရ လေ့လာပြီးမှ စဉ်းစားသုံးသပ်ဖို့ လိုပါတယ်။ အပြစ်မဲ့ပြည်သူတွေ ကာကွယ်ဖို့ အကြမ်းဖက်သမားတွေကို ခုခံတိုက်ခိုက်ဖို့ဆိုတာ ဘယ်အစိုးရမှာမဆို တာဝန်ရှိပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေနဲ့ လူ့ခွင့်အရေး အကြမ်းဖက်မှုတွေ အားလုံးကိုလည်း ရှုတ်ချပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ပြဿနာဖြစ်ထားတဲ့ နေရာတွေဆီကို နိုင်ငံတကာ ကိုယ်စားလှယ်အဖွဲ့ကို စက်တင်ဘာ ၂၈ ရက်နေ့မှာ ခေါ်သွားဖို့ အစိုးရက စီစဉ်နေတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်ကတော့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီကို လူသိရှင်ကြား အစီရင်ခံဖို့ တောင်းဆိုထားပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေအထဲက ဆွီဒင်၊ ဗြိတိန်၊ ပြင်သစ်၊ အီဂျစ်၊ အမေရိကန်ပြည်ထောင်စုစတဲ့ နိုင်ငံတွေအပါအဝင် မြန်မာ့အရေးရှင်းလင်းဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024