မြောက်ကိုရီးယား နောက်ထပ်ရန်စမှုပြုလုပ်ရန် အလားအလာရှိဟု တောင်ကိုရီးယား ပြော

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယားဟာ နောက်ထပ်ရန်စမှုတွေ ပြုလုပ်ဖို့အလားအလာ ရှိတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကန်ကျောင်းဟွာက ပြောလိုက်ပါတယ်။ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကန်ကျောင်းဟွာဟာ စက်တင်ဘာ ၂၅ နေ့က ဝါရှင်တန်ဒီစီရှိ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာမှာ အခုလို ပြောကြားခဲ့တာပါ။ “မြောက်ကိုရီးယားဟာ နောက်ထပ်ရန်စမှုတွေ ပြုလုပ်ဖို့ သိပ်ကို အလားအလာရှိပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ တောင်ကိုရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံအနေနဲ့ နောက်ထပ် တင်းမာမှု မြင့်တက်စေတာ၊ ဒါမှမဟုတ်လည်း ဒေသတွင်းမှာ ဖြစ်လာရင် ထိန်းချုပ်ရခက်မယ့်  မထင်မှတ်ဘဲ ဖြစ်နိုင်တဲ့ စစ်ရေးပဋိပက္ခတွေ တားဆီးဖို့ အခြေအနေကို လျင်လျင်မြန်မြန် စီမံကွပ်ကဲနိုင်ဖို့ အရေးကြီးပါတယ်။” ပြီးခဲ့တဲ့ ကိုရီးယားစစ်ပွဲကြောင့်ဖြစ်ခဲ့တဲ့ အပျက်အစီးကနေ အနှစ် ၇၀ လောက် မနားမနေကြိုးပမ်းပြီး ခေတ်မီ ဒီမိုကရေစီနိုင်ငံ တည်ထောင်ခဲ့တဲ့ မိမိတို့နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အထိခိုက်မခံဘူးလို့လည်း သူက ဆိုပါတယ်။ “မြောက်ကိုရီးယားအနေနဲ့ သူတို့ပြုလုပ်ထားတဲ့ ထုတ်ပြန်ချက်တွေကြားကပဲ သံတမန်နည်းအရ စေ့စပ်ဆွေးနွေးဖို့ အခွင့်အလမ်းရှိပါတယ်။ အရေးယူပိတ်ဆို့မှုတွေကို တညီတညွတ်တည်း ပြုလုပ်ကြဖို့ အရေးကြီးပါတယ်။ တရုတ်နဲ့ ရုရှား ပါဝင်ဖို့ အရေးကြီးပါတယ်။ သူတို့နှစ်နိုင်ငံဟာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေတင် မကပါဘူး။ မြောက်ကိုရီးယားရဲ့ အိမ်နီးချင်းတွေလည်းဖြစ်ပြီး မြောက်ကိုရီးယားနဲ့ ကုန်သွယ်မှုပေါ်မှာ ထိန်းချုပ်မှုရှိတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်” လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယားအပေါ် စစ်ကြေညာလိုက်တာဖြစ်ပြီး မြောက်ကိုရီးယားအနေနဲ့ အမေရိကန် ဗုံးကြဲလေယာဉ်တွေကို ပစ်ချတာ အပါအဝင် တန်ပြန်အစီအမံတွေကို လုပ်ဆောင်နိုင်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၂၅ နေ့မှာ ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up