လွတ်မြောက်နေသည့် ဝရမ်းပြေး တံခါးခေါက်မုဒိမ်းကောင်ကို ထိုင်းရဲဖမ်းမိ

ဓာတ်ပုံ - ထိုင်းရတ်
ထိုင်းနိုင်ငံမှာ တံခါးခေါက်မုဒိမ်းကောင်လို့ အမည်ပေးထားတဲ့ ဝရမ်းပြေး အမျိုးသားတဦးကို ရဲတွေက ဖမ်းမိခဲ့ပြီလို့ ထိုင်းရတ်သတင်းတပုဒ်မှာ စက်တင်ဘာ ၂၅ ရက်နေ့က ဖော်ပြပါတယ်။ အသက် ၂၇ နှစ်အရွယ် ချန်နွန် သွန်ဂရော့တ် အမည်ရတဲ့ အဲဒီအမျိုးသားဟာ အမျိုးသမီးတွေကို အလစ်အငိုက်ဖမ်း အဓမ္မပြုကျင့်မှု ကျူးလွန်ကာ လွတ်မြောက်နေခဲ့တာဖြစ်ပြီး သူကတော့ ပြစ်မှုကျူးလွန်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ သူ့ကို နခွန် ရက်ချာဆီမာခရိုင်တွင်း၊ ဘွယ်ရိုင်ဒေသတွင်းက သူ့ရဲ့နေအိမ်မှာ ရဲတွေက ဖမ်းမိခဲ့တာပါ။ ရဲတွေကို တိုင်ကြားခဲ့တဲ့ ၁၅ နှစ်အရွယ် မိန်းကလေးကို တိုက်ခိုက်ခဲ့တယ် ဆိုတာကိုလည်း သူက ငြင်းဆိုပြီး တွန်းရုံသာ တွန်းမိတာလို့ ထွက်ဆိုခဲ့ပါတယ်။ ရဲတွေကတော့ သူဟာ အထပ်မြင့်အိမ်ရာတွေထဲမှာ အမျိုးသမီးတွေ တဦးတည်းရှိနေချိန်မျိုးကို ရွေးချယ်ပြီး အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ပြောပါတယ်။ ချန်နွန်ဟာ တခြားပုံစံတူ အမှု ၃ ခုမှာလည်း ဆက်စပ်ပတ်သက်နေလိမ့်မယ်လို့ ရဲတွေက ဆိုပါတယ်။ မောင်ထုံဌာနီခရိုင်တွင်းမှာ ၄ ကြိမ်မြောက် ကျူးလွန်ဖို့ ကြိုးစားခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးကတော့ ကံကောင်းထောက်မစွာ လွတ်မြောက်သွားခဲ့ပြီးနောက်မှာမှ ဒီအမှုကွင်းဆက် ပေါ်လာခဲ့တာလို့ သတင်းက ဆိုပါတယ်။ လက်ရှိမှာတော့ ရဲတွေဟာ သူ့ကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးကာ သူ့နေအိမ်ကနေ ဘန်ကောက်မြို့ဆီ ဖမ်းဆီးခေါ်ဆောင်လာပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြပါတယ်။

More News
Up