ဘင်္ဂလားဒေ့ရှ်ဘက်ထွက်မပြေးဘဲ ဆက်လက်နေထိုင်နေကြသည့်ရွာသားအချို့၏ပြောကြားချက်
ပိုင်စိုး
·
September 26, 2017
ရခိုင်ြ်ပည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးသွားခဲ့ကြသူတွေရှိသလို မွတ်စလင်ကျေးရွာတွေရဲ့ တ၀က်ကျော်လောက်က ရွာသားတွေကတော့ ထွက်မပြေးဘဲ ဆက်လက်နေ ထိုင်နေကြ ဆဲဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ နေရပ်စွန့်ခွာ ထွက်မပြေးဘဲ ကျန်ရှိနေတဲ့မွတ်စလင်ဒေသခံတချို့က သူတို့ရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ ပြောပြထားပါတယ်။
ရသေ့တောင်မြို့နယ်၊ ဆင်ခုန်းတိုင်ရွာ ဒေသခံတဦး
“ကျနော်တို့ရွာတွေမှာ အရင်ကတည်းက အကြမ်းဖက်သမားတွေနဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာမရှိဘူး။ လုံခြုံရေး(တပ်ဖွဲ့) တွေလည်း ရှိတယ်။ ပတ်ဝန်းကျင်ကလည်း ရန်ရှာတာ မရှိဘူး။ အစစ အရာရာ လုံခြုံရေး(တပ်ဖွဲ့) က တာဝန်ယူထားတယ်။ အဲဒါကြောင့် ကျနော်တို့ နေတာပါ။ သွားတဲ့သူတွေကတော့ သူတို့အိမ်တွေ မီးရှို့ခံလိုက်ရတယ်။ သူတို့မှာ နေစရာမရှိဘူး။ တခြားရွာတွေ သွားရင်လည်း လက်မခံဘူး။ လက်ရှိမှာတော့ နေထိုင်စားသောက်ရတာမှာ အခက်အခဲ အများကြီးရှိတာပေါ့။ ကျနော်တို့ ဘယ်ကိုမှ မသွားရဘူး။ ရွာမှာ ကလေးတွေလည်း စာမသင်ရဘူး။”
ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြားရွာသားတဦး
“သြဂုတ်လ ၃၀ ရက်က ကျနော်တို့ရွာက ဈေးကို မီးရှို့ခံရတယ်။ အိမ် ၄၅ လုံးလည်း ပါတယ်။ ချောင်းတဖက်ကမ်းက ဂူဒါပြင်ရွာမှာလည်း အိမ် ၂၈၇ လုံး မီးရှို့ခံရတယ်။ အဲဒီနောက် ကျနော်တို့တွေ မေယုမြစ် အရှေ့ဘက်ကမ်းက ဆေးအိုးကျ၊ ဖိုးခေါင်ချောင်း စတဲ့ ရွာတွေကို ၂ ပတ်လောက် သွားနေကြတယ်။ အခုလည်း အိမ်မရှိတော့တဲ့ တချို့တွေက အဲဒီရွာတွေမှာ ကျန်ခဲ့တယ်။ ကျနော်တို့ကတော့ ကိုယ့်ရွာကိုယ် ပြန်လာတယ်။ ဂူဒါပြင်ရွာကအိမ်မရှိတော့တဲ့ လူတချို့ကတော့ ကျနော်တို့ရွာမှာလည်း လာနေကြတယ်။ ကျနော်တို့အတွက် အန္တရာယ်ရှိမှာ ကြောက်လို့ ဘယ်မှ မသွားကြဘူး။ တခြားရွာတွေလည်း သွားလို့ မရဘူး။ လောလောဆယ်တော့ ကျေန်ာတို့ရွာမှာ ဈေးဆိုင်တွေလည်း မရှိတော့လို့ စားစရာဆန်တောင် တခြားရွာမှာ သွားဝယ်ရတယ်။ လုံခြုံရေးကို ခွင့်တောင်းပြီး သွားရတာ။ ဒါပေမယ့် ဆန်လည်း ၁၅ အိတ်လောက်ပဲ ဝယ်လို့ရတယ်။”
မောင်တောမြို့နယ်၊ ကညင်တန်းရွာမမှ ရပ်မိရပ်ဖတဦး
“မြို့နယ်ထဲမှာ မွတ်စလင် ကျေးရွာအုပ်စုပေါင်း ၁၂၀ လောက်ရှိတယ်။ အခုတော့ ၆ ခုလောက်ပဲ ကျန်တယ်။ အဲဒီကလူတချို့ကတော့ ဘင်္ဂလားဒေ့ရှ်ကို သွားကြတယ်။ ကျနော်တို့က ဘင်္ဂလားဒေ့ရှ်က မဟုတ်ဘူးလေ။ သွားရင်လည်း အစိုးရက ပြန်ခေါ်မှာပဲ။ အဲဒါကြောင့် မသွားတာ။ တခြားသူတွေကိုလည်း မသွားဖို့ ပြောတယ်။ ခု နောက်ပိုင်းမှာတော့ အန္တရာယ် ရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်က တော်တော် လျော့သွားပြီ။”
ဘူးသီးတောင်မှ ပညာရေးဝန်ထမ်းတဦး
“မြို့ပေါ်မှာတော့ ရပ်ကွက် ၇ ခု ရှိတယ်။ ထွက်ပြေးသွားကြသူက အလွန်ဆုံး ၂ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်။ ကျနော်တို့မြို့နယ်ကို မြောက်ပိုင်းနဲ့ တောင်ပိုင်းခွဲပြောရမယ်ဆိုရင် မြောက်ပိုင်းမှာ မွတ်စလင်အိမ် ၂၀၀၀ ကျော် ကျန်မယ်။ ၁၈၀၀၀ ကျော် ထွက်ပြေးသွားတယ်။ တောင်ပိုင်းမှာတော့ အိမ် ၂၀၀၀၀ လောက်မှာ ၂၀၀၀ လောက် ထွက်ပြေးသွားတယ်။ ရွာတွေ မီးရှို့ခံရတယ်။ လူတွေ ဖမ်းဆီးခံရတယ်။ အဲဒီရွာတွေက ထွက်ပြေးတယ်။ ဘေးကရွာတွေကလည်း အဲဒါကို မြင်ပြီး ကြောက်ပြီး ထွက်ပြေးတယ်။ အိမ်တွေမီးလောင်တယ်။ နေစရာမရှိဘူး။ အိမ်ရှိပေမယ့် အလုပ်အကိုင် အသွားအလာ မလုပ်ရလို့ စားစရာမရှိဘူး။ အဲဒီတော့ တဖက်ကို ပြေးရတာပေါ့။ ကျန်တဲ့သူတွေက ဘာကြောင့် ကျန်တာလဲ ဆိုရင်တော့ အဲဒါရဲ့ ဆန့်ကျင်ဘက်ပေါ့။ အဲဒီလောက် မကြုံရလို့၊ အဲဒီလောက် မကြောက်ရလို့ ကျန်ခဲ့တယ်လို့ ပြောရမယ်။ ကျနော်လက်ရှိကြုံနေရတာကို ပြောရရင်လည်း သူတို့လောက် ဒုက္ခမရောက်လို့ ထွက်မပြေးဘူး။ ဒါပေမယ့် အဲဒီလို ကြုံလာရရင် ကျနော်တို့လည်း ပြေးရမှာပဲ။ ဒီနေ့လည်း ဟိုဘက်ကို ပြေးတဲ့သူတွေ ရှိနေတယ်။ လက်ရှိမှာ နယ်ကလူတွေ မြို့ပေါ်ကို လာလို့ မရဘူး။ မြို့ကလူတွေက နယ်ကို သွားလို့မရဘူး။ မြို့ထဲနဲ့ ဈေးနဲ့က မနက်ပိုင်းပဲ လူရှိတယ်။ နေ့လယ်ဆိုရင် လူမရှိသလောက်ပဲ။”