မိတ္ထီလာတွင် အရက်ဖိုးတောင်းသည့်တူဖြစ်သူနှင့် အဒေါ် စကားများရာမှ လူသတ်မှုဖြစ်ပွား
DVB
·
September 26, 2017
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ နယ်မြေ (၁) ရန်မျိုးအောင်ရပ်ကွက်၊ စက်တင်ဘာလ ၂၅ ရက် ည ၈နာရီက အရက်ဖိုး လာတောင်းတဲ့ တူဖြစ်သူနဲ့ အဒေါ် စကားများ ရန်ဖြစ်ပြီး လူသတ်မှု ဖြစ်ခဲ့ပါတယ်။
အဒေါ်ဖြစ်သူ ဒေါ်ခင်မာတိုးက မနက် အချဉ်ပေါင်းရောင်းဖို့ နာနတ်သီးလှီးနေစဉ် တူဖြစ်သူ ကျော်မင်းထွန်း အရက်ဖိုးလာတောင်းရာက စကားများရန်ဖြစ်ကြပါတယ်။ ဒေါ်ခင်မာတိုးက လက်ထဲက အရိုးအသွား ၆ လက်မဓားနဲ့ လက်ပြန်တွက်မိရာက ကျော်မင်းထွန်း ဝမ်းဗိုက်ညာဘက်ဘေး ဒဏ်ရာရပြီး မိတ္ထီလာဆေးရုံမှာ ဆေးကုသနေစဉ် သေဆုံးသွားတာကြောင့် လူသတ်မှု ဖြစ်ခဲ့တယ်လို့ အမှတ် (၂) ရဲစခန်းက သိရပါတယ်။
ဒုရဲအုပ်အောင်သိုက်က “ည ၈ နာရီမှာ မိတ္ထီလာဆေးရုံမှာ ဆေးကုသတယ်။ ဒီနေ့မနက် ၁ နာရီခွဲလောက်မှာ သေဆုံးသွားလို့ လူသတ်မှုအဖြစ် ပြောင်းပြီး အမှုဖွင့်လိုက်ရတယ်” လို့ ပြောပါတယ်။
မိတ္ထီလာ အမှတ် (၂) ရဲစခန်းတွင် ဒေါ်ခင်မာတိုးကို အမှုအမှတ် (ပ)၂၄၇/၂၀၁၇၊ လူသတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၂ တို့နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)