ကျောင်းသားခေါင်းဆောင် ကိုကိုကြီးအပါအဝင် ၈၈ မျိုးဆက် အင်အားစုတွေဟာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှု ကွန်ရက်ကို ဖွဲ့စည်းလိုက်ပြီး ဒီနေ့ မတ် ၂၃ ရက်နေ့ကစလို့ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်တွေကို ဖြန့်ဝေသွားမယ်လို့ ကြေညာလိုက်ပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့ တပတ်အလိုမှာ ထုတ်ပြန်ခြင်း ဖြစ်ပြီး လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတရပ် အနေနဲ့ ဘက်လိုက်မှုကင်းကင်းနဲ့ စောင့်ကြည့်လေ့လာမယ်လို့ ကြေညာချက်က ဖော်ပြပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာခွင့်ပေးဖို့ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို အစိုးရက လိုက်လျောမှု တချို့ ပေးခဲ့ပြီးတဲ့နောက် ပြည်တွင်းအင်အားစုတွေထဲက ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်မယ့် အဖွဲ့တခု ဖြစ်ပါတယ်။
အဲဒီကွန်ယက်ဟာ ၁၉၈၈ ခုနှစ် သမိုင်းဝင် လူထုအုံကြွမှုကြီးကနေ ပေါ်ထွန်းလာတဲ့ လူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့ အတွက် ကွန်ရက်ဟာ နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲအကြိုကာလမှာ သက်ဆိုင်ရာ နယ်မြေတွေမှာရှိတဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေး ကွန်ရက်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အဲဒီကွန်ရက်အဖွဲ့ရဲ့ ပြောခွင့်ရသူ တဦးဖြစ်တဲ့ ကိုလှမျိုးနောင်က ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မဟုတ်ဘဲ ကြားဖြတ်ရွေးကောက်ပွဲ ဂုဏ်သိက္ခာ မြင့်မားရေးအတွက် ကွန်ရက်က ဆောင်ရွက်မှာပါလို့ ပြောပါတယ်။
“ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတ၊ လွတ်လပ် သန့်ရှင်းမှုက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး အပေါ်မှာ ဂုဏ်သိက္ခာ မြင့်မားစေလိမ့်မယ်။ နိုင်ငံတကာရဲ့ ယုံကြည်မှုကို တိုးပွားစေမယ်။ ပြည်သူလူထုရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို မြင့်မားလာလိမ့်မယ်လို့ ယုံကြည်တယ်။ ကျနော်တို့က ပါတီတခုခု အောင်နိုင်ရေးအတွက် ပူးပေါင်းပါဝင်တဲ့ သဘောမျိုး မဟုတ်ဘူး။ ကျနော်တို့က ရွေးကောက်ပွဲကြီး တခုလုံး တရားမျှတ၊ လွတ်လပ်၊ သန့်ရှင်းရေးကို ဦးတည်တာပါ။”
ဒီလို စောင့်ကြည့်လေ့လာမှုတွေကို ဂျာနယ်တွေ၊ အွန်လိုင်း မီဒီယာတွေ ကိုလည်း စောင့်ကြည့်မှာ ဖြစ်သလို သတင်းသမားတွေ၊ ပါတီတွေ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေကိုလည်း သတင်းဖလှယ်မှုတွေ လုပ်မယ်လို့ ဆိုပါတယ်။
အဲဒီကွန်ရက်ဟာ ရွေးကောက်ပွဲ (အကြို၊ ကျင်းပ၊ ပြီးဆုံး) ကာလ ၃ ပါးစလုံးကို စောင့်ကြည့် အကဲခတ်မှာဖြစ်ပြီး ဗဟိုကွပ်ကဲရေးအဖွဲ့ ရွေးကောက်ပွဲဆိုင်ရာ သုံးသပ်ချက်တွေကိုလည်း ထုတ်ပြန် သွားမယ်လို့ ဆိုပါတယ်။