ဗကသ သမိုင်း မအူပင်မှာ ဖြန့်ဝေ
အေးနိုင်
·
March 23, 2012
ဧရာဝတီတိုင်း မအူပင်မြို့နယ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသများအဖွဲ့ချုပ် (မအူပင်ခရိုင်)က ကျောင်းသားသမဂ္ဂသမိုင်း ဖြစ်စဉ်စာရွက်တွေကို ကျောင်းသားထုအကြား လိုက်လံ ဝေငှခဲ့ပါတယ်။
ဗကသများအဖွဲ့ချုပ် တရားဝင်ပေါ်ထွန်ရေး ဗဟိုကော်မတီ တွဲဖက် အထွေထွေအတွင်းရေးမှူး(၁) ကိုအောင်ကျော်ကျော်က သူတို့လိုက်လံဝေငှတဲ့ စာရွက်တွေမှာ ဗကသများပေါ်ထွန်းပုံ၊ သမဂ္ဂဥက္ကဋ္ဌ အဆက်ဆက်၊ အလံ၊ သီချင်းတွေပါသလို ဗကသ ညီလာခံကျင်းပပုံတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။
“ကျောင်းသားထုကြားထဲမှာ ကျောင်းသားသမဂ္ဂဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေရော၊ နောက်တခါ သမိုင်းကြောင်းတွေရော သိရှိ နားလည်ပြီးတော့ ကျောင်းသားသမဂ္ဂကို အားလုံးပူးပေါင်း ပါဝင် ဆောင်ရွက် လာကြဖို့အတွက် ရည်ရွယ်ပြီး ကျနော်တို့ ဝေပါတယ်။”
ဒီစာစောင်တွေကို မအူပင် အစိုးရနည်းပညာကောလိပ်၊ စက်မှုလက်မှုသိပ္ပံ၊ မအူပင်တက္ကသိုလ်၊ မအူပင်ကောလိပ်၊ မအူပင်မြို့ပေါ်မှာနဲ့ အဆောင်နေ ကျောင်းသားတွေကို ဝေငှခဲ့တယ်လို့လည်း ဆိုပါတယ်။
ဧရာဝတီတိုင်း ဟင်္သတာမှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့ ဒေသခံပြည်သူတွေ တွေ့ဆုံတဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း မိတ်ဆက်ပွဲလို ပွဲတခုကို လာမယ့် လဆန်းပိုင်းကျရင် မအူပင်ခရိုင်မှာ ကျင်းပနိုင်ဖို့လည်း ပြင်ဆင်နေကြပါတယ်။
မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်တွေ ပေါ်ထွက်ရာ ဖြစ်တဲ့ ဗကသများ အဖွဲ့ချုပ်ကို ဗြိတိသျှ ကိုလိုနီအစိုးရ လက်ထက်မှာတောင် ဖွဲ့စည်းလှုပ်ရှားခွင့် ရပေမယ့် လွတ်လပ်ရေးရပြီး တော်လှန်ရေးကောင်စီ လက်ထက်မှာ သမဂ္ဂ အဆောက်အဦးကိုပါ ဗုံးခွဲဖျက်ဆီးပြီး သမဂ္ဂထူထောင်ခွင့်ကို ခုထိ ပိတ်ပင်ထားပါတယ်။