Home
မြန်မာသတင်း
ရဲဘော်သုံးကျိပ် မော်ကွန်းကမ္ပည်းကျောက်စာတိုင် မကွေးမြို့တွင် စိုက်ထူရန် အဆိုတင်သွင်း
DVB
·
September 26, 2017
ရဲဘော်သုံးကျိပ်တို့ရဲ့ မော်ကွန်းကမ္ပည်းကျောက်စာတိုင်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးထိုးပြီး မကွေးမြို့၊ လွတ်လပ်ရေးကျောက်တိုင်ဝင်းထဲမှာ  သေသပ်တင့်တယ်စွာ စိုက်ထူပေးဖို့ တိုင်းအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို မကွေးတိုင်းဒေသကြီးလွှတ်တော်မှာ ကိုယ်စားလှယ်တဦးက တင်သွင်းလိုက်ပါတယ်။ ဆင်ပေါင်ဝဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက တင်သွင်းခဲ့တာဖြစ်ပြီး  ရေနံချောင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှက ထောက်ခံဆွေးနွေးခဲ့တဲ့အပေါ်  လွှတ်တော်ဥက္ကဋ္ဌက လက်ခံဆွေးနွေးဖို့ သင့်၊ မသင့် လွှတ်တော်ရဲ့ သဘောထားဆန္ဒကို တောင်းခံခဲ့ရာ တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် အားလုံးက ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ အဆိုတင်သွင်းသူ လွှတ်တော်အမတ် ဦးတင်မောင်ဦးက “အာဇာနည်ပုဂ္ဂိုလ်တွေကို ယနေ့ မျိုးဆက်သစ်တို့ နှလုံးသားမှာ သိရှိနိုင်ဖို့ လမ်းစဖော်ပေးတဲ့အနေနဲ့ မြန်မာပြည်မှာ လိုနေတဲ့ ကွက်လပ်တခုကို မကွေးတိုင်းဒေသကြီးအစိုးရက စတင် အကောင်အထည်ဖော်ပေးလိုက်ရင် နောင်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကလည်း ဆက်လက်ဖော်ဆောင်ကြမယ်လို့ ယုံကြည်လို့ ဒီအဆိုကို တင်ရတာပါ။ ရဲဘော်သုံးကျိပ်ထဲမှာလည်း သခင်အောင်ဆန်း(ဗိုလ်တေဇ)၊ ကိုထွန်းရှိန်(ဗိုလ်ရန်နိုင်)၊ သခင်ဗဂျမ်း (ဗိုလ်လရောင်) တို့ ၃ ဦးဟာ မကွေးတိုင်းထဲက ဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ရွှေတိဂုံရင်ပြင်တော် စနေထောင့်မှာ ရန်ကုန်တက္ကသိုလ် သပိတ်မှောက် အမှတ်အသား ကမ္ပည်းမှတ်တိုင်၊ မကွေးမြို့၊ သရက်လေးပင်ရွာ ကားလမ်းဘေးမှာ သခင်ဖိုးလှကြီး မော်ကွန်းကျောက်စာတိုင် စတဲ့ အထိမ်းအမှတ် ကျောက်စာတိုင်တွေ၊ ရုပ်တုတွေကို သမိုင်းမှတ်တမ်းရှိရာ ဒေသတွေမှာ စိုက်ထူလေ့ရှိသည်ကို တွေ့ရှိရကြောင်း၊ မကွေးမြို့၊ ဗိုလ်ချုပ် မြင်းစီးကြေးရုပ်ဝင်းအတွင်း သင့်တော်ရာမှာ  ကျန်အာဇာနည် ၈ ဦးရဲ့ ကိုယ်တပိုင်းရုပ်တုတွေ ထားရှိစေလိုတယ်လို့လည်း အဆိုရှင်က အကြံပြုထားပါတယ်။ အဆိုနဲ့ပတ်သက်လို့ ဆွေးနွေးလိုသူတွေက စက်တင်ဘာ ၂၆ ရက် ရုံးချိန်အတွင်း စာရင်းပေးသွင်းရမှာဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်နေ့ ကျင်းပမယ့် မကွေးတိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းအဝေးမှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ သတင်း - မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024