ခန္ဓာကိုယ်အလေးချိန် တန်ဝက်ရှိသည့် ကမ္ဘာ့အဝဆုံး အီဂျစ်အမျိုးသမီး ကွယ်လွန်

ခန္ဓာကိုယ်အလေးချိန် တန်ဝက်လောက်ရှိခဲ့တဲ့ ကမ္ဘာ့အဝဆုံး အီဂျစ်အမျိုးသမီးဟာ ယူအေအီးနိုင်ငံ ဆေးရုံတရုံမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ စက်တင်ဘာ ၂၅ ရက်နေ့က ဖော်ပြပါတယ်။ အီမန် အာမက်ဒ် အဗ္ဗဒဲလ်လာတီဟာ ကွယ်လွန်ချိန်မှာ အသက် ၃၇ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ကိုယ်အလေးချိန် ပေါင် ၁၁၀၀ ထက် ကျော်နေခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်အစောပိုင်းတုန်းကတော့ သူဟာ အလွန်အမင်း ဝဖြိုးလွန်းတဲ့ ခန္ဓာကိုယ်ကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဆေးကုသဖို့ အိန္ဒိယနိုင်ငံကို သွားခဲ့ပြီးမှ ယူအေအီးနိုင်ငံကို ဆက်ခဲ့တာလို့ ဆိုပါတယ်။ သူ့မှာ ငယ်စဉ်ကတည်းက ရှားပါးတဲ့ သိုင်းရွိုက်ဒ်အကျိတ်ရောဂါတမျိုးကြောင့် အဝလွန်နေခဲ့ပြီး ဆယ်ကျော်သက် အရွယ်ကတည်းက လမ်းမလျှောက်နိုင်၊ မထနိုင်တော့တာ ဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မွမ်ဘိုင်းမြို့မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး သူ့ရဲ့ ခန္ဓာကိုယ်အလေးချိန် ထက်ဝက်လောက်ကို ခွဲစိတ်လျှော့ချပစ်လိုက်နိုင်ခဲ့ပေမယ့် နေအိမ်ကို ရောက်ရှိပြီးနောက်မှာတော့ ကျန်းမာရေးအခြေအနေဟာ ပိုမိုဆိုးဝါးလာလို့ ယူအေအီးနိုင်ငံဆီ ပို့ဆောင်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် နှလုံးတိုက်ခိုက်ခံရတဲ့ ရောဂါနဲ့ ကျောက်ကပ်ရောဂါတွေ အပါအဝင် တခြားရောဂါတွေ တပြိုင်တည်း ခံစားနေရတဲ့ အာမက်ဒ် အဗ္ဗဒဲလ်လာတီကို ဘယ်လိုမှ မကယ်တင်နိုင်ခဲ့ဘဲ သေဆုံးသွားခဲ့တယ်လို့ သူတက်ရောက်ကုသနေတဲ့ ဘာဂျီးလ်ဆေးရုံ တာဝန်ရှိသူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up