မြောက်ကိုရီးယား၊ ဗင်နီဇွဲလားနှင့် ချက်ဒ်နိုင်ငံသားများကို အမေရိကန် ခရီးသွားလာခွင့် ကန့်သတ်

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယား၊ ဗင်နီဇွဲလားနဲ့ ချက်ဒ်နိုင်ငံတွေက နိုင်ငံသားတွေကို ခရီးသွားလာခွင့် ကန့်သတ်လိုက်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၂၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လူဝင်မှုကို တင်းကျပ်မယ်ဆိုတဲ့ သူ့ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်အတိုင်း မြောက်ကိုရီးယား၊ ဗင်နီဇွဲလားနဲ့ ချက်ဒ်နိုင်ငံတွေက နိုင်ငံသားတွေကို ခရီးသွားလာခွင့် ကန့်သတ်လိုက်တာပါ။ မူလ တားမြစ်ထားတဲ့နိုင်ငံတွေနဲ့ မတူဘဲ ဒီတခါကန့်သတ်မှုဟာ အချိန်အကန့်အသတ် မရှိပါဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ စက်တင်ဘာ ၂၄ ရက်နေ့က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ "အမေရိက လုံခြုံရေးဟာ ကျွန်နော့်ရဲ့ နံပါတ် ၁ ဦးစားပေးတာဝန်ဖြစ်တယ်။ ကျေန်ာတို့ သေချာ မစစ်ဆေးနိုင်တဲ့သူတွေကို နိုင်ငံထဲ အဝင်ခံမှာ မဟုတ်ပါဘူး" လို့ ရေးသားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မွတ်စလင်နိုင်ငံ ၆ ခုကို ခရီးသွားလာခွင့် ကန့်သတ်ခဲ့ပါတယ်။ ထရမ့်က “ဒါဟာ နိုင်ငံခြားသား အကြမ်းဖက်သမားတွေ အမေရိကကို မဝင်ရောက်အောင် နိုင်ငံကို ကာကွယ်တာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အဲဒီလို ခရီးသွားလာခွင့် ပိတ်ပင်တာနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြသူတဦးက “သတင်းစကားတခု ပြောချင်ပါတယ်။ ကျနော်တို့လိုချင်တာ စည်းလုံးမှုပါ။ ကြောက်ရွံ့မှု၊ အမုန်းတရားနဲ့ ကွဲပြားမှုမဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။ ဆန္ဒပြသူတွေက “မကြောက်ပါဘူး။ မမုန်းပါဘူး။ အမေရိကကနေ ကြိုဆိုပါတယ်” ဆိုပြီးလည်း သံပြိုင် ဟစ်ကြွေးကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကလည်း အမေရိကန်လေဆိပ်မှာ ရောက်ရှိလာသူတွေကို “မတားဆီးပါဘူး။ တံတိုင်းမခတ်ပါဘူး” ဆိုတဲ့ ပို့စ်ကတ်တွေကိုင်ပြီး ကြိုဆိုနေတာကို မြင်တွေ့ရပါတယ်။ မူလ ခရီးသွားလာခွင့် ပိတ်ပင်ထားတဲ့ ၆ နိုင်ငံထဲမှာ ဆူဒန်နိုင်ငံကို ဖယ်ရှားလိုက်တာကြောင့် အီရန်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်နဲ့ ဆိုမာလီယာနိုင်ငံတို့သာ ဆက်လက်ကျန်ရှိပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုက ခရီးသွားလာခွင့် ကန့်သတ်တဲ့နိုင်ငံဟာ စုစုပေါင်း ၈ နိုင်ငံအထိ ရှိသွားပြီ ဖြစ်ပါတယ်။

More News
Up