တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှာ မဲစာရင်း ခုထိ မရသေး
DVB
·
March 23, 2012
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှာ ဒေသခံ ပြည်သူတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၉၀ ရာခိုင်နှုန်း ထောက်ခံတယ်လို့ ပြောနိုင်ပေမယ့် ခုထိ မဲစာရင်းတွေ မထွက်သေး၊ မဲစာရင်းတွေ မစုံသေးဘူးလို့ ကျွန်းစု အန်အယ်လ်ဒီ ကိုယ်စားလှယ် ဒေါ်တင်တင်ရီက ပြောပါတယ်။
“မဲစာရင်းတွေက မရဘူးရှင့်၊ မဲစာရင်း မပါတာတွေ ပြန်ဖြည့်ဖို့ အခွင့်လမ်း မရဘူး။ ခုချိန်ထိ ကျမတို့ မဲစာရင်းကို ကူးလို့ မပြီးသေးဘူး။ ကော်မရှင်ကလည်း မဲကို မထုတ်ပေးတာ။ မတ် ၂၃ ရက်နေ့မှာ ကူးခွင့်ပေးတာ။ အဲဒီတော့ အခုအချိန်အထိ မဲစာရင်းက ကူးလို့ မပြီးသေးဘူး။ ပြီးတော့ မဲစာရင်းကို ပြန်ဖြည့်ဖို့ ကျတော့ ရပ်ကွက်မှာ တင်ရမှာ။ ရပ်ကွက်မှာ စာရင်းတွေက မရှိဘူး။ ရွာမှာ မနေဘူး ရှောင်နေတယ်။
နောက်တခုက ဘာလဲဆိုရင် မှတ်ပုံတင် မရှိကြဘူး။ မှတ်ပုံတင်ရိုက်။ မှတ်ပုံတင်ထုတ်ပေးမယ်လို့ လဝက ကျမကို ပြောထားတယ်။ ယာယီ မှတ်ပုံတင်ကို လည်းပဲ မဲစာရင်းတွေ ခေါ်ပေးထားတာ လာမယူကြသေးဘူး။ ကျမတို့ အဖွဲ့ဝင်တွေ တော်တော်များများ အဲဒီလို အခက်အခဲတွေ ဖြစ်နေတယ်။ တကယ် မဲထည့်မယ့်လူတွေက မဲထည့်ပိုင်ခွင့် ရချင်မှ ရနိုင်မှာ။”
တခါ ကျွန်းစုမြို့နယ်မှာ ရှိတဲ့ တနင်္သာရီတိုင်း ရေတပ်စခန်းဌာနချုပ်က ကြိုတင်မဲ ၂ ထောင် ထွက်နေပြီး၊ ဝန်ထမ်းတွေ အားလုံးလည်း မတ် ၂၆ နဲ့ ၂၇ ရက်တွေမှာ ကြိုတင်မဲပေးဖို့ ရှိနေတယ်လို့ ပြောပါတယ်။
အဓိက ကတော့ မဲစာရင်း အခုထိ မငြိမ်သေးတဲ့အတွက် ပြိုင်ဘက်ပါတီက ဒီအချက်ကို အခွင့်ကောင်းယူပြီး အနိုင်ယူသွားနိုင်တဲ့ အနေအထားရှိနေတာပါ။ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးက ကိုယ်စားလှယ်လောင်း နှစ်ဦးထဲ ယှဉ်ပြိုင် အရွေးခံကြမှာ ဖြစ်ပါတယ်။
အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မတ် ၂၄ နဲ့ ၂၅ မှာ မြိတ်နဲ့ ကျွန်းစုမြို့နယ်ကို ပါတီစည်းရုံးရေး ခရီးသွားရောက်မှာ ဖြစ်ပါတယ်။