မန္တလေးတိုင်းတွင် အခွန်မဆောင်သည့် လုပ်ငန်းရှင်ပေါင်း ၂သောင်းကျော်ရှိနေ
DVB
·
September 25, 2017
မန္တလေးတိုင်းဒေသကြီးထဲမှာ အခွန်မဆောင်တဲ့ လုပ်ငန်းရှင်ပေါင်း ၂ သောင်းကျော် ရှိတယ်လို့ တိုင်းပြည်တွင်း အခွန်များဦးစီးဌာနက ပြောပါတယ်။
၂၀၁၄ ခုနစ်က မန္တလေးတိုင်းမှာ အိမ်ရာဆောက်လုပ်ခွင့်အမိန့် ၁ သောင်းရှိခဲ့ပေမယ့် အားလုံးအပြည့်အဝ အခွန်ဆောင်တာမရှိသလို ဒီနှစ်မှာလဲ Car showroom တွေကအစ အခွန်ကောက်ခံမှု မရှိတာလို့ လုပ်ငန်းရှင်ပေါင်း ၂၃၀၀၀ အခွန်လွတ်ကင်းနေတာ တွေ့ရတယ်လို့ မန္တလေးတိုင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက အခွန်ဦးစီးမှူး ဦးကိုကိုအေးကပြောပါတယ်။
ပြည်တွင်းအခွန်များ ဦးစီးဌာနက ကောက်ခံနေတဲ့ အခွန်အမျိုးစား ၅ မျိုးနဲ့ပတ်သက်ပြီး မန္တလေးတိုင်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းထုတ်ကုန်စည်တွေမှာ မူပိုင်ခွင့်ဥပဒေတွေ တိကျပြတ်သားမူမရှိတာ၊ ထုတ်ကုန်နဲ့ ပို့ကုန်သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှု အားနည်းတာတွေ ရှိနေတာကိုလည်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဝင်ငွေခွန်ကအစ အထူးကုန်စည်ခွန် ၁၇ မျိုးနဲ့ ပြည်ပသို့ တင်ပို့ရောင်းချတဲ့အပေါ် အထူးကုန်စည်ခွန်တွေရှိသလို ကုန်သွယ်လုပ်ငန်းခွန် မကျသင့်တဲ့ ကုန်စည်အမျိုးစား၊ ၀န်ဆောင်မှု အမျိုးစားတွေရှိတာကြောင့် အခွန်ဆောင်ပြီး ငွေဖြူဖြစ်အောင်ပြုလုပ်သင့်တယ်လို့ အခွန်ဌာန တာဝန်ရှိသူတွေကပြောပါတယ်။