သာစည်-ရွှေညောင်ရထားလမ်း မိုးများ တောင်ပြို၍ ၆ နာရီကြာပိတ်
DVB
·
September 25, 2017
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သာစည်-ရွှေညောင်ရထားလမ်း မိုင်တိုင် ၃၄၅/၀ နဲ့ ၁ အကြား လယ်ပြင်ဘူတာအနီး စက်တင်ဘာ ၂၄ ရက်မနက် ၇ နာရီမှာအရင်ညပိုင်းက မိုးများတာကြောင့် ရထားလမ်းပေါ်တောင်ပြိုပြီး သစ်ပင်ကြီးလဲကျကာ ၆ နာရီကြာ လမ်းပိတ်ခဲ့ပါတယ်။
“စက်တင်ဘာလ ၂၃ ရက် ညပိုင်းက ရွာတဲ့ မိုးကများလွန်းလို့ စက်တင်ဘာ ၂၄ ရက် မနက်မှာ ရေတိုက်စားလို့ တောင်ပြိုပြီး မြေသားနဲ့အတူ လုံးပတ် ၃ ပေ အလျား ၃၉ ပေ ရှိတဲ့ တောင်သရက်ပင် လဲကျပြီး ရထားလမ်း ပိတ်သွားပါတယ်။ ရထားလမ်း လမ်းဗိုလ် ဦးအောင်သိန်းဝင်းနဲ့ လယ်ပြင်ဘူတာရုံပိုင်ကြီး ဦးအောင်နိုင်ဝင်းဦးစီးပြီး လုပ်ခဲ့ပါတယ်၊ လုံခြုံရေးကို ဒုရဲအုပ်ချစ်ကိုကို တို့လိုက်ပါပေးတယ်၊ မွန်းလွဲ ၁ နာရီလောက်မှာ ရထားလမ်း ပွင့်တယ်” လို့ လယ်ပြင်ဘူတာက ပြောပါတယ်။
ရထားလမ်းပိုင်း လမ်းဗိုလ်ဦးအောင်သိန်းဝင်း က “၂၃ရက်ညပိုင်း က မိုးရွာတာများတယ်၊ ရေစီးရေလာအားကောင်းတော့ တောင်ပြိုတယ်၊ မြေပြိုတော့သစ်ပင်ကြီးတွေပါ လဲကျတာပေါ့။ အဲဒီတော့ ရထားလမ်း ပိတ်သွားတယ်၊ ရုံပိုင်ကြီးနဲ့ အတူ အင်အား ၂၀ လောက်နဲ့ အမြန်ဆုံးဖယ်ရှားပေးရတယ်၊ ၅ နာရီ ၅၀ မိနစ်လောက် လုပ်လိုက်တော့ လမ်းပွင့်သွားတယ်” လို့ ပြောပါတယ်။
၂၀၁၇ ခုနှစ်အတွင်း မိုးများလို့ တောင်ပြိုပြီးလမ်းပိတ်တာ အခုတကြိမ်ပဲရှိသေးတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(၀မ်းတွင်း)