မြန်မာ-လာအို မဲခေါင်မြစ်ကူးတံတား ဆောက်မည်

1.1K
အာဆီယံ ၃ နိုင်ငံကို ခရီးလှည့်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ လာအိုခရီးစဉ်မှာ မဲခေါင်မြစ်ကို ဖြတ်ကျော် ဖောက်လုပ်မယ့် မြန်မာ- လာအို ပထမဆုံး ချစ်ကြည်ရေး တံတား ၁ စင်း တည်ဆောက်ဖို့ နှစ်နိုင်ငံ သဘော တူညီမှု ရရှိခဲ့တယ်လို့ လာအို မီဒီယာတွေမှာ ဖော်ပြပါတယ်။
တံတားဖောက်လုပ်မယ့် ဒီအစီအစဉ်ကို မြန်မာသမ္မတ ရှေ့မှောက်မှာ မြန်မာဘက်က ဆောက် လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်နဲ့ လာအို သယ်ယူပို့ဆောင်ရေး ဝန်ကြီးတို့ သဘောတူ လက်မှတ် ရေးထိုးခဲ့တာလို့ ဗီယင်ကျန်း တိုင်းမ်သတင်းစာက ရေးပါတယ်။
ဒီတံတားဟာ လာအိုနိုင်ငံ လန်နမ်သာခရိုင်မှာ ရှိတဲ့ ဇင်းကောက်ဒေသနဲ့ မြန်မာဘက်က ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်တွင်းမှာ ရှိတဲ့ ကျိုင်းလပ် ဒေသကို ဆက်သွယ်ပေးမှာ ဖြစ်ပြီး နှစ်နိုင်ငံ အကြား ပထမဆုံး လမ်းတံတား ဆက်သွယ်မှု လည်း ဖြစ်ပါတယ်။
လာအိုနဲ့မြန်မာနိုင်ငံ နယ်စပ်ကို မဲခေါင်မြစ်နဲ့ ပိုင်းခြား သတ်မှတ်ထားတာ ဖြစ်ပြီး ဒီတံတား ကြောင့် နှစ်ဖက် ကုန်သွယ်ရေး အပါဝင် ဒေသအဆင့် ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်နိုင်လိမ့်မယ် လို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေက မျှော်လင့် နေတာပါ။
သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ ၂ ရက်တာ ခရီးစဉ်မှာ လာအိုသမ္မတ ချောင်မာလေဆိုင်ရာ ဆုန်နဲ့လည်း တွေ့ဆုံကာ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုကိစ္စ စိုက်ပျိုးရေး၊ ပညာရေးနဲ့ ခရီးသွားလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့တွေ ဆွေးနွေးခဲ့ကြပါတယ်။
နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဆွေးနွေးရာမှာ လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းနဲ့ မြန်မာနိုင်ငံ ရန်ကုန် ဒါမှမဟုတ် နေပြည်တော်နဲ့ တိုက်ရိုက်လေယာဉ် ခရီးစဉ်တွေ ပျံသန်းဖို့ လိုအပ်တယ် ဆိုတာ သဘော တူခဲ့ကြတယ် လို့ ဆိုပါတယ်။
မဲခေါင်မြစ် ကော်မရှင်မှာ မြန်မာနိုင်ငံအနေနဲ့ အမြဲတမ်း အဖွဲ့ဝင် အဖြစ် ပါဝင်ဖို့လည်း မြန်မာသမ္မတက သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလော မဲခေါင်ကော်မရှင်မှာ လာအို၊ ကမ္ဘေဒီးယား၊ ထိုင်းနဲ့ ဗီယက်နမ်တို့က အမြဲတမ်း အဖွဲ့ဝင်တွေ ဖြစ်ပြီး မြန်မာနဲ့ တရုတ်က လေ့လာသူ အဆင့်ပဲ ရှိသေးတာပါ။
လာအို အစိုးရကတော့ လာမယ့် ၂၀၁၄ မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို မြန်မာ ယူမယ့် ကိစ္စနဲ့ ဆီးဂိမ်း အားကစားပွဲ ကျင်းပမယ့် အစီအစဉ်တွေကို ထပ်လောင်းပြီး ထောက်ခံ အားပေးတယ်လို့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ပြောကြားခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခါနီး ရက်ပိုင်းအလို ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းကစပြီး ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကို သွားရောက်တာ ဖြစ်ပြီး မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံ အစိုးရတွေကို ရှင်းလင်း ပြောဆိုမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
လာအိုနဲ့ မြန်မာနိုင်ငံဟာ ၁၉၅၅ ခုနှစ် ဇူလိုင်လကတည်းက သံတမန် ဆက်ဆံရေး စတင်ခဲ့တာ ဖြစ်ပါတယ်။