အိမ်ထောင်ရေးပြဿနာကြောင့် မိသားစုကို ဓားဖြင့်ခုတ်၊ ယောက္ခမသေဆုံး
DVB
·
September 25, 2017
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် လက်ပံတံခါးကျေးရွာမှာ စက်တင်ဘာ ၂၄ ရက် ည ၈ နာရီခွဲလောက်က လင်မယားချင်း မပေါင်းသင်းရတဲ့အတွက် ယောက္ခမနဲ့ဇနီးကို ဓားနဲ့ ခုတ်လို့ ဒဏ်ရာတွေ ရခဲ့ပြီး ရေနံမတိုက်နယ်ဆေးရုံ ပို့ဆောင်စဉ် ယောက္ခမဖြစ်သူ သေဆုံးသွားတယ် လို့ ရေနံမနယ်မြေစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက ပြောပါတယ်။
အထက်မင်းလှမြို့နယ် လက်ပံတံခါးကျေးရွာနေ ဦးအုန်းလှိုင်ဟာ နေအိမ်ခေါင်းရင်းရှိတဲမှာ မြေးဖြစ်သူ ညီညီအောင်နဲ့အတူ အိပ်ပျော်နေစဉ် နေအိမ်ပေါ်မှ ဇနီးဒေါ်ခင်လှိုင် နဲ့ သမီး မခိုင်တို့က 'ကယ်ကြပါဦး၊ လုပ်ကြပါဦး' အော်ဟစ်အကူအညီ တောင်းသံကြားပြီး သွားကြည်ရာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သမီးမခိုင်ရဲ့ ခင်ပွန်းတော်စပ်ဖူးသူ စိုးမောင် က ဇနီးဖြစ်သူနဲ့ သမီးဖြစ်သူတို့ကို ဓားရှည်တချောင်းနဲ့ ခုတ်နေတာကို အနီးပတ်ဝန်းကျင်ရှိ လူများမှ ဝိုင်းဝန်းဆွဲခဲ့ရတယ်လို့ ဆိုပါတယ်။
ဓားခုတ်ခံရမှုကြောင့် ဒေါ်ခင်လှိုင်နဲ့ မခိုင် တို့မှာ ဒဏ်ရာတွေရရှိခဲ့ပြီး ရေနံမတိုက်နယ်ဆေးရုံ ဆေးကုသဖို့ ပို့ဆောင်စဉ် ဒေါ်ခင်လှိုင်သေဆုံးသွားခဲ့တာပါ။
ရေနံမနယ်မြေရဲစခန်းက စိုးမောင်ကို ရာဇသတ်ကြီး ပုဒ်မ-၃၀၂/၃၂၄/၄၅၆ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး