ဆော်ဒီအမျိုးသမီးများ အမျိုးသားများနှင့်တန်းတူ ပထမဆုံးအကြိမ် ပျော်ပွဲရွှင်ပွဲ ဆင်နွှဲခွင့်ရ (ရုပ်သံ)

ဆော်ဒီအာရေးဘီးယားနိုင်ငံ တည်ထောင်ခြင်း ၈၇ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတွေကို အမျိုးသားတွေနဲ့တန်းတူ ပါဝင်ခွင့် ပေးခဲ့ပါတယ်။ ဆော်ဒီ အာရေးဘီးယားရဲ့ ၈၇ နှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ် မြို့တော် ရီယာ့ဒ်က  Fahd ဘုရင့်နိုင်ငံတကာ အားကစားကွင်းထဲမှာ စက်တင်ဘာ ၂၃ ရက်နေ့က အခမဲ့ဖျော်ဖြေပွဲတွေ ကျင်းပခဲ့ပါတယ်။ ဒါဟာ ရှေးရိုးစွဲ အစ္စလာမ္မစ်နိုင်ငံမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအတူတူ ဆင်နွှဲခွင့်ရတဲ့ ပထမဆုံး ပျော်ပွဲရွှင်ပွဲပဲ ဖြစ်ပါတယ်။ “ကျမ တာဘွတ်ကနေ လာတာပါ။ ဒီပွဲလိုပဲ နောက်လည်း ဆော်ဒီအာရေးဘီးယားရဲ့ အားကစားပွဲတွေ ဖျော်ဖြေရေးပွဲတွေကို ကျမတို့ ကြည့်ခွင့်ရတော့မယ်လို့ မျှော်လင့်ပါတယ်။ အရမ်းပျော်ပါတယ်။ ဘယ်လိုပျော်မှန်း မသိအောင် ပျော်ပါတယ်” လို့ ဆော်ဒီ နိုင်ငံသား အမျိုးသမီးတဦးက ပြောပါတယ်။ “အခုလိုပြောင်းလဲလာတာကို အရမ်းပျော်ပါတယ်။ နောက်ဆိုရင် အမျိုးသမီးတွေ ပိုပြီး အခွင့်အရေးရလာတော့မယ်။ ကိုယ်တိုင်ကားမောင်းပြီး ခရီးသွားခွင့်လည်း ရလာတော့မယ်လို့ မျှော်လင့်ပါတယ်။ အခုမှ ဆော်ဒီနိုင်ငံသား ပိုဆန်လာသလို ဆော်ဒီတနိုင်ငံလုံး ကျမတို့ သွားခွင့်ရပြီ” လို့  ဆော်ဒီနိုင်ငံသူ နောက်တဦးက ပြောပါတယ်။ အာရပ်နွယ်ဖွား ဂီတပညာရှင် ၁၁ ဦးရဲ့ ဖျော်ဖြေမှုနဲ့ အပြင် မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး ကျွမ်းဘားအလှပြတာတွေ၊ ရိုးရိုးအကတွေနဲ့ ဂျဒ္ဒါမြို့မှာလည်း ဖျော်ဖြေခဲ့ပါတယ်။ အခုဖျော်ဖြေရေးပွဲတွေကို အစိုးရကပြုလုပ်ခဲ့တာဖြစ်ပြီး ဒါဟာ ၂၀၃၀ ဆော်ဒီပြုပြင်ပြောင်းလဲရေး စီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။ ဆော်ဒီပြုပြင် ပြောင်းလဲရေး စီမံကိန်းကို လွန်ခဲ့တဲ့ ၂ နှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး ရေနံအခြေပြု စီးပွားရေးသာမက တခြားစီးပွားရေးလုပ်ငန်းသစ်တွေပါ ဖော်ဆောင်ဖို့ ရှိပါတယ်။ အဲဒီကနေ နိုင်ငံသားတွေ အလုပ်အကိုင်များများ ရရှိပြီး နိုင်ငံတကာအမြင်တွေ ရှိလာဖို့ ရည်ရွယ်ထားပါတယ်။ တင်းကြပ်တဲ့ ဆွန်နီအစ္စလာမ် ဝါဟာဘီနစ်ကို ကျင့်သုံးတဲ့ နိုင်ငံမှာ အမျိုးသမီးအခွင့်အရေးကို တိုးမြှင့်ပြီး အားကစားနဲ့ ဖျော်ဖြေရေးတွေမှာ အခွင့်အရေးပိုပေး လာခဲ့တာကို ဝေဖန်သူတွေလည်း ရှိပါတယ်။ ဘာသာရေးခေါင်းဆောင်တွေရဲ့ တိုက်ခိုက်မှုတွေ ရှိနေပေမယ့် ဆော်ဒီအစိုးရကတော့ အမျိုးသားနေ့ အခမ်းအနားကို တိုးမြှင့်ဆောင်ရွက်ပြီး Nabatean rock temples လို ရှေးဟောင်း အမွေအနှစ်တွေကို ပိုပြီးထင်ရှားလာအောင် ဖော်ထုတ်နေပါတယ်။ အမျိုးသားနေ့ ဖျော်ဖြေရေးတွေကို တာဝန်ယူဆောင်ရွက်တဲ့ အစိုးရဖျော်ဖြေရေး ဝန်ဆောင်မှုဌာနက မြို့ ၁၇ မြို့မှာ ၄ ရက်ကြာကျင်းပတဲ့  အမျိုးသားနေ့ပွဲတွေကို လာရောက်လည်ပတ်သူ ၁ သန်းခွဲလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up