ပထမဆုံးအလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့် တရားဝင် တင်သွင်း
DVB
·
March 23, 2012
တိုင်ရီ အလုပ်သမားများသမဂ္ဂ (သို့) တိုင်ရီအခြေခံ အလုပ်သမားများ အဖွဲ့အစည်း ဆိုတဲ့အမည်နဲ့ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် ရရှိဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေဆီမှာ ဒီနေ့ မှတ်ပုံတင်လိုက်ပါတယ်။
[caption id="attachment_21358" align="alignleft" width="300" caption="တိုင်ရီအလုပ်သမားများ လစာ တိုးမြှင့်ရေး အတွက် ဆန္ဒပြစဉ်"][/caption]
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန်က တိုင်ရီဖိနပ်က အလုပ်သမား ၁၂၆၆ ဦး လက်မှတ်ထိုးပြီး ဒီမနက်မှာပဲ အလုပ်သမား ညွန်ကြားမှုဦးစီးဌာနမှာ သမဂ္ဂဖွဲ့စည်းခွင့်ကို မှတ်ပုံတင်သွင်း လိုက်တယ်လို့ အလုပ်သမားဥပဒေအကြံပေး ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။
“လှိုင်သာယာ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှာ ရှိတဲ့ မှတ်ပုံတင်ရုံး၊ မြို့နယ်မှတ်ပုံတင်အရာရှိ ဦးစိုးဝင်းဆီမှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီက မှတ်ပုံတင်အရာရှိနဲ့ အလုပ်သမားတိုင်းဦးစီး အရာရှိကလည်း ပြောပါတယ်။ လူဦးရေ အများဆုံးနဲ့ ပထမဆုံးဖွဲ့စည်းတဲ့ အဖွဲ့ဖြစ်တယ်။ အလုပ်သမားဥပဒေတွေရဲ့ ပြဌာန်းချက်တွေက ခုချိန်ထိတော့ တည်ငြိမ်တာ သေချာတာမျိုး မဖြစ်သေးပါဘူး။ အဲ့လို မဖြစ်သေးတဲ့အတွက် ကျနော်တို့မှာ သမဂ္ဂဖွဲ့စည်း ပြီးစီးသည်ထိ တိုင်အောင် ယုံကြည်ကိုးစားစရာ ဥပဒေကတော့ အခက်အခဲ ရှိနေတုန်းပါပဲ။ တဖြည်းဖြည်းချင်းတော့ ဥပဒေတွေ ပြဌာန်းနိုင်အောင် ဝိုင်းကြိုးစားရင်း အလုပ်သမားတွေ ကိုယ်တိုင် စုပေါင်းအရေးဆိုရင်းနဲ့ နည်းနည်းစီတော့ အောင်မြင်မယ်လို့ ထင်ပါတယ်။”
အလုပ်သမားဝန်ကြီးဌာန တိုင်းဦးစီးအရာရှိက လက်ခံရရှိကြောင်း စာဝင်နံပါတ် ထုတ်ပေးလိုက်ပြီးတော့ ၁ လအတွင်း မှတ်ပုံတင် အရာရှိချုပ်ထံ တင်သွင်း၍ ဖွဲ့စည်းခွင့် ကျ၊ မကျ သိရှိရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
တိုင်ရီ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းတာဟာ အလုပ်သမားတွေရဲ့ အခွင့်အရေး အတွက် တရားဝင်ကူညီနိုင်အောင် ဆောင်ရွက်တာလို့ သမဂ္ဂရဲ့ ဘဏ္ဍာရေးမှူး မဝေဝေမာက ပြောပါတယ်။
“အလုပ်ရှင်နဲ့ အလုပ်သမားတွေကို တယောက်နဲ့ တယောက် ပဋိပက္ခတွေ မဖြစ်ပွားအောင်၊ အငြင်းပွားမှု မဖြစ်အောင် ကျမတို့က ဆောင်ရွက်ပေးတဲ့ သဘောပါ။ အခြား အလုပ်သမားတွေ အတွက်လည်း ကျမတို့ အဖွဲ့အစည်းက အကျိုးသက်ရောက်မယ်ဆိုရင် ကာကွယ်ပေးဖို့ အဆင်သင့်ပါပဲ။”
တိုင်းပြည်ကို တပ်မတော်က အာဏာသိမ်းတဲ့ ၁၉၆၀ ပြည့်လွန် နှစ်တွေကစလို့ သမဂ္ဂဖွဲ့စည်းခွင့်ကို ပိတ်ပင်ခံထားရတာဖြစ်ပြီး မကြာသေးခင်ကမှ အလုပ်သမားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့်ပြုတဲ့ ဥပဒေထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေကိုအကောင်အထည်ဖော်ဖို့အတွက် အလုပ်သမား ညွန်ကြားမှုဦးစီးဌာန ညွန်ချုပ် ဦးချစ်ရှိန်ကိုပဲ ရာထူးအသစ်ဖြစ်တဲ့ မှတ်ပုံတင်အရာရှိချုပ်အဖြစ် ခန့်အပ် ဆောင်ရွက်စေပါတယ်။
တိုင်ရီဖိနပ်အလုပ်သမား ရာပေါင်းများစွာ ပြီးခဲ့တဲ့လက လုပ်ခလစာ တိုးမြှင့်ရေး အတွက် အလုပ်မဆင်းဘဲ တောင်းဆိုရာက အလုပ်သမားသမဂ္ဂတရပ် ထူထောင်ရေးကို တဆင့်တိုးကြိုးပမ်း ဆောင်ရွက်လာတာ ဖြစ်ပါတယ်။