ပျားတုပ်ခံရသည့် မသန်စွမ်းကလေးကို သတင်းကြေညာသူ ကယ်တင် (ရုပ်သံ)

ဘီးတပ်ကုလားထိုင်နဲ့ မသန်စွမ်းကလေးငယ် လမ်းပေါ်မှာ တောင်းရမ်းစားနေတုန်း ပျားတအုပ် ဝိုင်းတုပ်တာခံရလို့ တီဗွီသတင်းကြေညာသူတဦးက ကယ်တင်ခဲ့တဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။ ကင်ညာနိုင်ငံရဲ့ နိုင်ငံတော်တရားရုံးချုပ် အပြင်ဘက်မှာ အစိုးရ ဆန့်ကျင်သူတွေနဲ့ တဖက်မှာ စစ်သားတွေ ရှိနေတဲ့ လူအုပ်ထဲ ဆန္ဒပြသူတွေက ပျားအုံကို ခြောက်လန့်ပြီး လွှတ်လိုက်လို့ ပျားတွေထွက်လာချိန် အခြားသူတွေ ပြေးလွှားနေကြပေမယ့် အာမိုစ်လို့ခေါ်တဲ့ မသန်စွမ်းကလေးက လွတ်အောင် တရွတ်စွဲပြီး မပြေးနိုင်တော့လို့ သတိမေ့မျောသွားပါတယ်။ ပျားတွေက ကောင်လေးကို အကြိမ်ကြိမ် ဝိုင်းတုပ်ကြလို့ ကောင်လေးက “အလွန်အမင်း နာကျင်မှု” နဲ့ အော်ဟစ်နေပြီး သူ့ရဲ့ဘီးတပ်ကုလားထိုင်ပေါ်ကနေ သူ့ဘာသာ ကြောက်လန့်တကြား ခုန်ချလိုက်ပြီး ရွှေ့လို့မရ ဖြစ်သွားပါတယ်။ ဒါပေမယ့် တီဗွီသတင်းကြေညာသူ ဗစ်တာမူယာကိန်းက မြင်သွားပြီး သူ့ကို ပွေ့ချီ အန္တရာယ်ကင်းရာနေရာကို သယ်သွားပြီး ကယ်တင်နိုင်ခဲ့ပါတယ်။ ကယ်တင်ပေးခဲ့သူက “ကျနော်က ပျားအုပ်ကို မြင်လိုက်တာပဲ၊ ပျား ရာဂဏန်းလောက်က ကလေးနားမှာ ဝိုင်းနေကြတယ်။ သူ့ရဲ့မျက်နှာနဲ့ ခေါင်းမှာ သူ့တကိုယ်လုံးမှာပဲ ကလေးရဲ့ ရင်ဘတ်အထက်ပိုင်းမှာ ပျားတွေချည်းပဲ။ သူ့ကြည့်ရတာ ပျားအရှင်တအုပ်နဲ့ လုပ်ထားတဲ့ ဆိုင်ကယ်ဦးထုပ်နဲ့ သူ့ခေါင်းကို ဆောင်းထားသလိုပဲ” လို့ ဒေသခံ သတင်းစာကို ပြောခဲ့ပါတယ်။ “ကျနော် ကလေးကို တည်ငြိမ်အောင်လုပ်တယ်။ ကလေးရဲ့ လျှာက ယောင်နေပြီး ပါးစပ်ထဲမှာလည်း ပျားတွေနဲ့ ကျနော် နှလုံးတောင် ခုန်လာတယ်။ ကျနော် သူ့ကို ဘေးကင်းအောင် လုပ်နိုင်မလား စဉ်းစားတယ်၊ သူ့ကို အဝေးကို ခေါ်သွားတယ်။ ပြီးတော့ ကလေးရဲ့ ဘီတပ်ကုလားထိုင်ကို သွားပြန်ယူတယ်” လို့ ကယ်တင်ခဲ့သူ တီဗွီကြေညာသူက ပြောပါတယ်။ ဒီအဖြစ်အပျက်ရဲ့နောက်ကွယ်မှာ သမ္မတရွေးပွဲရလဒ်နဲ့ ပတ်သက်ပြီး နိုင်ငံတော်တရားရုံးချုပ်ရဲ့ အဆုံးအဖြတ်ကို ဆန့်ကျင်တဲ့ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေ ရှိနိုင်တယ်လို့ ယူဆကြပြီး ဆန္ဒပြသူတွေက ပျားအုံတခုကို သံဘူးထဲ ထည့်လာပြီး ပျားတွေကို လွှတ်လိုက်တာ ဒါမှမဟုတ် အခြားဆန္ဒပြသူတွေက ပျားအုံကို လမ်းမီးတိုင်မှာ ချည်ပြီး မီးတိုင်ကို ပြင်းပြင်းထန်ထန် လှုပ်ရမ်းလိုက်တာဖြစ်မယ်လို့ ယူဆနေကြပါတယ်။ ရုပ်သံထဲမှာတော့ ပျားတွေ လူအုပ်ထဲ ပျံလာချိန် စစ်သားတွေနဲ့ လက်နက်ကိုင်ရဲတွေအပါအဝင် လူရာဂဏန်း ထွက်ပြေးနေတာကို တွေ့ရပါတယ်။ မသန်စွမ်းကောင်လေး အာမို့စ်ကို အမဲရောင် အဝတ်နဲ့ ပတ်ပြီး ဆေးရုံကို အမြန်ခေါ်သွားကာ ပျားတုပ်ဒဏ်ရာ ၅၀ ကနေ ၆၀ လောက်ကို ကုသခဲ့ရပြီး သက်သာသွားတယ်လို့ စက်တင်ဘာလ ၂၂ ရက်နေ့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up