မြိတ်ကျွန်းစုအတွင်း တရားမ၀င် သစ်ခိုးလှေ ၂ စီး ဖမ်းမိ
DVB
·
September 23, 2017
မြိတ်ကျွန်းစုအတွင်း တရားမ၀င်မြန်မာသစ်ခိုးလှေ ၂ စီးကို စက်တင်ဘာ ၂၀ ရက် က မြန်မာ့ရေတပ်က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မြိတ်ကျွန်းစုပင်လယ်ပြင်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ့ရေတပ်စစ် သင်္ဘော ၁၁၄ မှ ဗိုလ်ကြီးဥာဏ်ဝင်းထက် ဦးစီးတဲ့တပ်ဖွဲ့ဝင်တွေက ပင်လယ်ပြင်အတွင်း မောင်းနှင်နေတဲ့ မသင်္ကာဖွယ် ရေဒါပစ်မှတ် ၂ ခုကို တွေ့ရှိခဲ့ရာ မီးအချက်ပြခေါ်ယူခဲ့ရာ လာရောက်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားလို့ လိုက်လံဖမ်းဆီးရာ ကဘင်ကျွန်းအရှေ့မြောက်ဘက်မှာ အမည်မရှိတရားမ၀င် မြန်မာသစ်လှေတစီးကို ဖမ်းဆီးရမိခဲ့ပြီး ဒုတိယပစ်မှတ်ကို ထပ်မံလိုက်လံဖမ်းဆီးရာ ကဘင်ကျွန်း အရှေ့မြောက် ရေမိုင် ၇ မိုင်အကွာမှာ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
လှေ ၂ စီးတွင် တောသစ်ခွဲ သားဆိုဒ်စုံ ၁၆ တန်နဲ့ လှေသား ၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လှေသိမ်းတပ်ဖွဲ့က တင်ဆောင်ပြီး ကျွန်းစုမြို့ ဆိပ်ကမ်းသို့ ခုတ်မောင်းလာကြောင်း သိရပါတယ်။
ဖမ်းမိလှေပေါ်မှ တရားခံတွေကို စစ်ဆေးမေးမြန်းရာ လှေပိုင်ရှင်တွေမှာ မြိတ်မြို့၊ အင်္ဂမော်ကျေးရွာအုပ်စု၊ ပိန္ဒဲတောင် ကျေးရွာနေ ဦးအောင်မျိုးနိုင်နဲ့ ဦးအောင်ကျော်လွင်ဆို သူတို့ဖြစ်ပြီး လေညှာမြစ်အတွင်းရှိ သဲချောင်းနဲ့ ရှမ်းပုံကျေးရွာအနီး ဂျိုးဖြူချောင်းအတွင်းမှ သစ်တွေကိုခုတ်ယူပြီး ပိန္ဒဲတောင်ကျေးရွာကို တင်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာ့ရေတပ်မှ သက်ဆိုင်ရာဌာနများသို့ တရားဥပဒေအတိုင်းဆောင်ရွက်နိုင်ဖို့ လွှဲပြောင်းအပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။
မြတ်ထွဋ် (မြိတ်)