ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့သည့် ရုရှား နိုင်ငံရေးကြော်ငြာ ၃၀၀၀ ခန့် အမေရိကန်ကို ပေးမည်

အမေရိကန်သမ္မတရွေးကောက်ပွဲအတွင်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ခဲ့တဲ့ ရုရှားနဲ့ဆက်စပ်နေတဲ့ နိုင်ငံရေးကြော်ငြာ ၃၀၀၀ လောက်အား အမေရိကန်ကွန်ဂရက်လွှတ်တော်ကို ပေးသွားမယ်လို့ ဖေ့စ်ဘွတ်ခ်တည်ထောင်သူက ပြောပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲတွေမှာ တိုင်းတပါးအစိုးရတွေ ဝင်ရောက်စွက်ဖက်လို့မရအောင် အချက် ၉ ချက်လုပ်ဆောင်သွားမယ်လို့ ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မက်ဇူကာဘတ်က စက်တင်ဘာလ ၂၁ ရက်မှာ ပြောကြားသွားပါတယ်။ “ကျနော်သိပ်ပြောချင်တာပဲ၊ ဝင်ရောက်နှောင့်ယှက်မှုအာလုံးကို ရပ်တန့်ပစ်နိုင်တော့မယ်လို့။ ဒါပေမယ့် ဒီကိစ္စက လက်တွေ့မကျပါဘူး။ ကမ္ဘာပေါ်မှာက အမြဲတမ်း လူဆိုးဆိုတာ ရှိနေတာပါ။ ကျနော်တို့အနေနဲ့ အစိုးရတိုင်းကို အခုလို ဝင်ရောက်နှောင့်ယှက်မှု အကုန်လုံးကနေ အကာအကွယ်မပေးနိုင်ပါဘူး။ “ပထမဆုံး ကျနော်တို့ ရုရှားရဲ့ ဝင်ရောက်စွက်ဖက်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့ အမေရိကန်အစိုးရနဲ့ တက်တက်ကြွကြွအလုပ်လုပ်နေပါတယ်။ ဒုတိယအနေနဲ့ ဒီရွေးကောက်ပွဲမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ကျနော်တို့ရဲ့ ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုဆက်လက်ပါမယ်။ တတိယအချက် အရေးအကြီးဆုံးခြေလှမ်းလို့ဆိုရမယ့်  ကိစ္စက နိုင်ငံရေးကြော်ငြာတွေကို ပိုပြီး ပွင့်လင်းမြင်သာမှုရှိအောင် လုပ်သွားပါ့မယ်။ စတုတ္ထအနေနဲ့ နိုင်ငံရေးကြော်ငြာတွေနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်နိုင်စွမ်းကို မြှင့်တင်သွားပါမယ်။ အချက်ငါးအနေနဲ့ ကျနော်တို့ရဲ့ လုံခြုံရေးပိုင်းနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသွားပါမယ်။ အထူးသဖြင့် ရွေးကောက်ပွဲရိုးသားမှုနဲ့ ပတ်သက်ပြီးတော့ပါ။ နံပါတ် ၆ အနေနဲ့ ကမ္ဘာတစ်ဝန်းက ရွေးကောက်ပွဲကော်မရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမယ်။ နံပါတ် ၇ အနေနဲ့ အွန်လိုင်း ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တခြားနည်းပညာနဲ့ လုံခြုံရေးကုမ္ပဏီတွေကို တိုးမြှင့်မျှဝေသွားမယ်။ နံပါတ် ၈ က တော့ ဒီမိုကရေးစီလုပ်ငန်းစဉ်အားကောင်းအောင် ကြိုတင်ပြင်ဆင်လုပ်ဆောင်သွားမယ်။ နောက်ဆုံးအချက်အနေနဲ့ အခုသီးတင်းပတ်ကုန်မှာလုပ်မယ့် ဂျာမနီရွေးကောက်ပွဲကို ရိုးသားတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်လုပ်သွားမယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up