Home
မြန်မာသတင်း
ပြည်တွင်းပဲ စားသုံးမှုမြင့်တက်အောင် ဆောင်ရွက်မည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
September 22, 2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့လမ်းညွှန်မှုနဲ့ ပြည်တွင်း ပဲစားသုံးမှုမြင့်တက်အောင် ဆောင်ရွက်သွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။ ပြည်တွင်းပဲစားသုံးမှု တိုးတက်လာစေရေး ညှိနှိုင်းအစည်းအဝေးကို နေပြည်တော် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးမှာ စက်တင်ဘာ ၂၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ၊ ပညာရှင်တွေ၊ ပဲကုန်သည်တွေနဲ့ တောင်သူတွေ တက်ရောက်ခဲ့ပြီး ဒီအစည်းအဝေးမှာ ပြည်တွင်းပဲစားသုံးမှုမြင့်မားအောင် ဆောင်ရွက်မယ့်အကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ပြည်တွင်းဈေးကွက်မှာ မတ်ပဲတန်ချိန် (၃)သိန်း နဲ့ ပဲစဉ်းငုံတန်ချိန် ၁ သိန်းလောက်ကျန်ရှိနေပြီး ကျန်ရှိနေတဲ့ ပဲတွေကို ဌာနဆိုင်ရာတွေက ၀ယ်ယူသုံးစွဲနိုင်ဖို့နဲ့ ပြည်တွင်းစားသုံးမှု တိုးတက်လာအောင် ချိတ်ဆက်ဆောင်ရွက်သွားမယ့် အပိုင်းတွေကို ဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။ လက်ရှိ စက်တင်ဘာလပိုင်းအတွင်း ဈေးကွက်အတွင်း မတ်ပဲ တစ်တန်ကို ကျပ် ၅၉၆၀၀၀ ကျပ်နဲ့ ပဲတီစိမ်း တစ်တန်ကို ၁၃ သိန်းကျော် ပေါက်ဈေးရှိနေပြီး ပဲစင်းငုံ တစ်တန်ကို ကျပ် ၄၆၀၀၀၀ ကျော် နဲ့ ကုလားပဲ တစ်တန်ကို ၁၄ သိန်းကျော် ဈေးကွက်ပေါက်ဈေးဖြစ်ပေါ်နေပါတယ်။ ပြည်တွင်းက ထွက်ရှိတဲ့ ပဲတွေကို အိန္ဒိယ နိုင်ငံဘက်ကို အများဆုံးတင်ပို့ရောင်းချနေရပြီး တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ စင်္ကာပူနိုင်အပါအ၀င် နိုင်ငံပေါင်း ၇၈ နိုင်ငံကိုတင်ပို့ရောင်းချနေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အိန္ဒိယအစိုးရက  ပြည်ပကနေ ပဲဝယ်ယူတင်သွင်းမှုတွေကို ကန့်သတ်လိုက်တဲ့ အတွက် မြန်မာနိုင်ငံ ပဲအရောင်းအ၀ယ် လောကမှာ အကြီးအကျယ် ဂယက် ရိုက်ခတ်ခဲ့ တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024